မြန်အောင် ဇူလိုင် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ် တောင်ရိုးဒေသကျေးရွာအုပ်စုအချို့တွင် ဇူလိုင် ၂၆ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာချင်းဆက်လမ်းများ ရေကျော်မှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လက်ပံကွင်းကျေးရွာနှင့်ပုသိမ်-မုံရွာကားလမ်း ဆက်သွယ်ထားသော ကျေးရွာချင်းဆက်လမ်း တောင်ပတ်လည်ကျေးရွာအနီးတွင် ရေကျော်မှု ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။ အဆိုပါမိုးရေများသည် မြန်အောင်မြို့နယ်အတွင်း မမြချောင်းတစ်လျောက်စီးဆင်း၍ သဲဖြူကျေးရွာအုပ်စုနှင့် သပြေကုန်းကျေးရွာအုပ်စုတို့မှ ဧရာဝတီမြစ်အတွင်းသို့ စီးဆင်းသွားမည်ဖြစ် ကြောင်းသိရသည်။
မြန်အောင်ခရိုင်အတွင်း ဇူလိုင် ၂၈ ရက်နေ့ ရေလှောင်တမံများ၏ရေဝင်ရောက်မှုအခြေအနေမှာ အင်္ဂပူမြို့နယ် နန်ကသူရေလှောင်တမံ ကန်ရေပြည့်အမှတ်မှာ ၂၆၀.၀၀ ပေ ဖြစ်ပြီး ယနေ့ နေ့လယ် ၁၂ နာရီရေမှတ်မှာ ၂၆၂.၈၀ ပေ ရှိကြောင်း၊ အင်္ဂပူမြို့နယ် ကညင်ရေလှောင်တမံ ရေပြည့်အမှတ်မှာ ၂၈၈.၀၀ ပေဖြစ်ပြီး ယနေ့ နေ့လယ် ၁၂ နာရီ ရေမှတ်မှာ ၂၉၃.၉၀ ပေ ရှိကြောင်း၊ မြန်အောင်မြို့နယ် မမြရေလှောင်တမံ ကန်ရေပြည့်အမှတ်မှာ ၃၁၅.၀၀ ပေဖြစ်ပြီး ဇူလိုင် ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီ ရေမှတ်မှာ ၃၁၈.၈၀ ပေရှိကြောင်းသိရသည်။ ကြံခင်းမြို့နယ် ကွန်ချောင်းရေလှောင်တမံ ကန်ရေပြည့်အမှတ်မှာ ၂၇၇.၀၀ ပေဖြစ်ပြီး ဇူလိုင် ၂၆ ရက်နေ့ နေ့လယ် ၁၂ နာရီ ရေမှတ်မှာ ၂၇၁.၄၀ ပေ ဖြစ်ပြီးကန်ရေပြည့် အမှတ်သို့ မရောက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရှိရသည်။
ဝင်းဗိုလ် (ပြန်/ဆက်)