မအူပင် ဇူလိုင်လ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရွှေတောင်မှော်ကျေးရွာအုပ်စု၊ ညောင်ပင်ဝိုင်းကျေးရွာ ရေထိန်းတံခါးဘေး၌ ထူးပေါက်၍ မြေကျွံကျမှုဖြစ်ပွားရာ ဆောင်ရွက် ထားရှိမှုများအား ယနေ့ညနေ (၃)နာရီက ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့မှ ကြည့်ရှုစစ်ဆေးသည်။
မအူပင်မြို့နယ်၊ ရွှေတောင်မှော်ကျေးရွာအုပ်စု၊ ညောင်ပင်ဝိုင်းကျေးရွာ၊ မအူပင်ကျွန်းတာ မြောက်ပိုင်း မိုင်အမှတ် ၄၃/၀ နှင့် ၄၄/၀ ကြားရှိ ညောင်ပင်ဝိုင်းရေထိန်းတံခါးဘေးတွင် ဇူလိုင်လ(၂၅)ရက်နေ့ ည (၁၀)နာရီအချိန်က ထူးပေါက်၍ မြေကျွံကျမှုဖြစ်ပွားရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် ဆည်မြောင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထိုက်တို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် ဆည်မြောင်းဦးစီးဌာနဦးစီးအရာရှိ ဦးခင်မြင့်တို့မှ ဦးဆောင်၍ ဆည်မြောင်းဦးစီးဌာနဝန်ထမ်းများ၊ ရေလဲကလေးနယ်မြေ မီးသတ်စခန်းမှ ဝန်ထမ်းများ၊ ကျိုက်လတ်မြို့နယ်၊ လှိုင်းတာနယ်မြေမီးသတ်စခန်းမှဝန်ထမ်းများ၊ ဒေသခံပြည်သူများစုပေါင်း၍ မြေအိတ်၊ သဲအိတ်ဖို့ခြင်း ဆောင်ရွက်ထားရှိမှုများအား ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အဖွဲ့မှ ကြည့်ရှု့စစ်ဆေးရာ ဆည်မြောင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးမှ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး လိုအပ်သည်များအား ဝန်ကြီးချုပ်မှ လမ်းညွှန်မှာကြားသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒေသခံပြည်သူများနှင့် ဆည်မြောင်းဝန်ထမ်းများအား ထောက်ပံ့ငွေများ၊ ခေါက်ဆွဲခြောက်ဖာများ၊ အချိုရည်ဘူးများနှင့် ရေသန့်ဘူးများအား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
အဆိုပါ ကြည့်ရှု့စစ်ဆေးထောက်ပံ့ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဆည်မြောင်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)