ကန်ကြီးထောင့်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုကြောင့် မိုးစပါးစိုက်ဧကများ ရေကြီးနစ်မြုပ်မှုနှင့် ရထားလမ်းများ ရေကျော်မှုဖြစ်ပွား

ကန်ကြီးထောင့် ဇူလိုင် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုတို့ကြောင့် မြို့နယ်အတွင်း ကျေးရွာအုပ်စု (၁၅)အုပ်စုရှိ တောင်သူများ၏ လယ်ယာမြေများ ရေကြီးနစ်မြုပ်မှု ဖြစ်‌ပေါ်လျက်ရှိသည်။

ကန်ကြီးထောင့်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် (၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၇၃)အုပ်စုရှိသည့် အနက် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုတို့ကြောင့်  ရပ်ကွက်/ကျေးရွာအုပ်စု (၁၅)အုပ်စုရှိ ကွင်းပေါင်း(၃၂)ကွင်း၊ တောင်သူပေါင်း(၈၄၄)ဦး၊ ဦးပိုင်ပေါင်း(၉၁၅)၊ ဧရိယာပေါင်း (၃၈၈၉)ဧကတွင် စိုက်ပျိုးထားရှိသော မိုးစပါး စိုက်ဧကများရေကြီးနစ်မြုပ်မှုဖြစ်ပွားလျက်ရှိရာ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင် ဦးဆောင် သောအဖွဲ့တို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။

နေ့စဉ်မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုတို့ကြောင့် ကန်ကြီးထောင့်မြို့နယ်၊ ဒါးက-ဘဲဂရက်လမ်းပိုင်း မိုင်တိုင်(၁၇၁/၇-၈)၊ တံတားအမှတ်(၉၇)(၄x၂၀')တံတားမှာ တံတားသံဘောင်အား (၁'၀")ခန့် ရေထိုးလျက်ရှိကြောင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးက-ဘဲဂရက် လမ်းပိုင်း မိုင်တိုင်(၁၇၁/၉-၁၀)၊ တံတားအမှတ်(၉၇-က)(၁x၄၀')ခန်းဖွင့်တံတားမှာ တံတား သံဘောင်အား (၅")ခန့် ရေထိုးလျက်ရှိကြောင်း၊ ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာအုပ်စု၊ ဒါးက ကျေးရွာအနီး၊ (ပုသိမ်-ကြံခင်း)ရထားလမ်း၊ မိုင်တိုင်အမှတ် (၁၇၁/၆)နှင့် (၁၇၁/၈)ကြားတွင် (၄)လက်မခန့်ရထားလမ်း ရေကျော်မှုဖြစ်ပွားလျက်ရှိပြီး တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် ရေးဘေးအန္တရာယ်ကျရောက်ပါက လိုအပ်သည်များ ဆောင်ရွက် ရန်အတွက် ကော်မတီအဖွဲ့များ ဖွဲ့စည်းထားပြီး ပြင်ဆင်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ကျော်ဇင်စိုး(ပြန်/ဆက်)