ပွင့်ဖြူ ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ဒေသခံတောင်သူများ စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်ရန် စလင်းမြို့နယ် လင်းဇင်းရေလှောင်တမံမှ စိုက်ပျိုးရေ ဖြန့်ဝေပေးသည့် စလင်းရေလက်တံ(၈)မြောင်းအား ရေစီးရေလာကောင်းမွန်စေရန်အတွက် ယမန်နေ့က ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ ဒေသခံတောင်သူများ ပူးပေါင်းအဖွဲ့က ရေလက်တံမြောင်းရှိ ရေမှော်ပင်များ၊ နုန်းသဲများနှင့် ဒိုက်ပင်များ ဆယ်ယူရှင်းလင်းခြင်း၊ မြောင်းပေါင်ဘေး (ဝဲ ၊ ယာ) ရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စိုက်ပျိုးရေ အဆင်ပြေစွာ ရယူသုံးစွဲနိုင်ရန် စလင်းရေလက်တံ(၈)မြောင်းအား ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာမှ ဒေသခံတောင်သူများက အနီးဝန်းကျင်ကျေးရွာများမှ ဆည်ရေ ရယူသုံးစွဲသည့် ဒေသခံတောင်သူများနှင့် ပူးပေါင်းပြီး ရေလက်တံမြောင်းအတွင်းရှိ နုန်းသဲများ၊ ရေမှော်ပင်များနှင့် ဒိုက်ပင်များကို ဆယ်ယူရှင်းလင်းခြင်း ၊ ရေလက်တံမြောင်းပေါင်ဘေး(ဝဲ ၊ ယာ)ရှိ သစ်ပင်ခြုံနွယ်များနှင့် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်းများကို စနစ်တကျ စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာရှိ ဒေသခံတောင်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အဓိကစီးပွားဖြစ်လုပ်ကိုင်ကြပြီး သီးနှံများစိုက်ပျိုးရာတွင် စလင်းမြို့နယ် လင်းဇင်းရေလှောင်တမံမှ ပို့လွှတ်သည့် ဆည်ရေဖြင့်သာ စိုက်ပျိုးကြကြောင်း ၊ အချို့တောင်သူများက အစုအဖွဲ့ဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းမှ ချေးငွေရယူ၍ ဆိုလာစနစ် တွဲဖက်အသုံးပြုပြီး မြေအောက်ရေဖြင့် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရပြီး အဓိကစိုက်ပျိုးသည့် သီးနှံများမှာ စပါး ၊ နှမ်း၊ မြေပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်း၊ ဖူးစားပြောင်း၊ နှံစားပြောင်းနှင့် အခြားဟင်းသီးဟင်းရွက်သီးနှံများကို စိုက်ပျိုးကြကြောင်း စိုက်ပျိုးရေအဆင်ပြေ၍ သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )