ပွင့်ဖြူ ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့၍ ယာယီပိတ်ထားရသော စာသင်ကျောင်း(၃၀)ရှိကြောင်း သိရကာ ယနေ့နံနက်ပိုင်းက အဆိုပါ ယာယီပိတ် ထားရသည့် စာသင်ကျောင်းများအနက် စာသင်ကျောင်း (၅) ကျောင်းအား မြစ်ရေကျဆင်းသွားသဖြင့် ပြန်လည်ဖွင့်လှစ် ပညာသင်ကြားပေးနေပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
"ပွင့်ဖြူမြို့နယ်မှာ ဧရာဝတီမြစ်ရေဟာ တစ်ဖြည်းဖြည်းပြန်လည်ကျဆင်းလာတာကြောင့် ဇူလိုင်လ(၂၅) ရက်နေ့ကစပြီး ရေကျသွားတဲ့ စာသင်ကျောင်းအချို့ကို ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူတွေကို ပညာသင်ကြားပေးနေပြီဖြစ်ပါတယ်။ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်လို့ ယာယီပိတ်ထားရတဲ့ စာသင်ကျောင်းက ကျောင်းပေါင်း (၃၀) ရှိပါတယ်။ ဒီနေ့မှာ ရေဝင်ရောက်လို့ ယာယီပိတ်ထားခဲ့ရတဲ့ ကျောင်းတွေထဲက ကျွန်းကလေးကျေးရွာ (အ.မ.က) ၊ ဆင်စုကျေးရွာ(အ.မ.က)၊ ညောင်လှကျေးရွာ (အ.မ.က) ၊ သဖန်းတန်းကျေးရွာ(အ.မ.က)ကျောင်းနဲ့ ရွာသာကုန်းကျေးရွာ (အ.မ.က) ကျောင်းတို့ကို မြစ်ရေကျဆင်းသွားပြီဖြစ်လို့ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ကျောင်းသားကျောင်းသူတွေကို ကျောင်းသင်ခန်းစာ နောက်မကျစေဖို့အတွက် တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်တွေမှာ စာသင်ရက်များ အစားထိုးဖွင့်လှစ်သင်ကြားပေးမှာဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းခိုင်က ပြောသည်။
ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ ပြန်လည်ကျဆင်းလာနေပြီဖြစ်ကာ မြစ်ရေမြင့်တက်စဉ်က ရေဝင်ရောက်မှုကြောင့် ယာယီပိတ်ထားခဲ့ရသော စာသင်ကျောင်းအချို့ကို ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိရာ ဇူလိုင် ၂၅ ရက်နေ့မှ ယနေ့အထိ စာသင်ကျောင်း (၈) ကျောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ရေဝင်ရောက်မှုရှိနေသေးသော စာသင်ကျောင်းများကိုလည်း မြစ်ရေကျဆင်းပါက ပြန်လည်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )