ကမမောင်း ဇူလိုင် ၂၉
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့၌ မိုးအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဒေသခံပြည်သူများ ယာယီရွှေ့ပြောင်းနေထိုင်လျက်ရှိသည့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ လှူဒါန်းသည့် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။
ရေလွှမ်းမိုးမှုကြောင့် ရပ်ကွက်အချို့ရှိ နေအိမ်များနှင့် အခြေခံပညာစာသင်ကျောင်းများအတွင်း မြစ်ရေဝင်ရောက်လျက်ရှိသောကြောင့် စာသင်ကျောင်းများ ယာယီပိတ်ထားရပြီး ရေဘေးသင့် အိမ်ထောင်စု (၄၅၈) စု၊ ကျား (၁၀၀၆) ဦး၊ မ (၁၀၇၁) ဦး လူဦးရေစုစုပေါင်း (၂၀၇၇) ဦးတို့အား ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အုန်းတောအခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၃) အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းခွဲ၊ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်းတို့တွင် ဖွင့်လှစ်ထားရှိသည့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများနှင့် လူနေအိမ်အချို့တွင်နေထိုင်သည့် ရေဘေးသင့်ပြည်သူများ စားသုံးရန်အတွက် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်းပေးပြီး မြို့ပြည်သူ့ကျန်းမာရေးရေးဦးစီးဌာနမှတာဝန်ရှိသူများကလည်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ရေဘေးကယ်ဆယ်ရေးစခန်းများအား အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ တပ်မမှူးနှင့် တပ်မတော်သားများ၊ ဖာပွန်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ဖာပွန်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကမမောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခေတ္တမြို့အုပ်ချုပ်ရေးမှူး၊ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ကမမောင်း(ပြန်/ဆက်)