မြိတ် ဇူလိုင် ၂၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းဖြင့် အသေးစားစက်မှုလက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးမှူး၍ ယနေ့ နံနက် (၉)နာရီခွဲက မြိတ်တောင်ကျေးရွာ ဘုတ်ချောင်းရပ် ချမ်းအေးကျောင်းတိုက်တွင် ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက် အခြေခံတန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်ခဲ့သည်။
သင်တန်းကို ဒေသတွင်း အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်း၍ လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ပေါက်လာပြီး ပြည်သူများ ဝင်ငွေ တိုးပွားစေရန်၊ မြို့ပြနှင့် ကျေးလက်ဒေသနေပြည်သူများ အသေးစား စက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သင်တန်းဖွင့်ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒေါ်နန်းနန်းက သင်တန်းဖွင့် အမှာစကား ပြောကြားပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဒေါ်သူသူစံက စီမံကိန်းလုပ်ငန်းနှင့် သင်တန်းစပ်လျဉ်းသည်များ ရှင်းလင်းပြောကြားသည်။ ယင်းနောက် သင်တန်းသုံး သင်ထောက်ကူပစ္စည်းများကို မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်ဦးက သင်တန်းတာဝန်ခံအား ပေးအပ်ပြီး တက်ရောက်လာကြသူများက သင်တန်းသုံး သင်ထောက်ကူပစ္စည်းများ ကြည့်ရှုအားပေးခဲ့ကြသည်။
အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မြိတ်မြို့နယ်ရှိကျေးရွာ (၃)ရွာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၌ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးနှင့် အမျိုးသမီးများ ဝင်ငွေတိုးတက်ရေးအတွက် ဒေသနှင့်ကိုက်ညီသည့် စားသောက်ကုန် သင်တန်းများကို ဖွင့်လှစ်ပေးကာ သင်တန်းသားများမှ ထူးချွန် သင်တန်းသား(၁၅)ဦး ရွေးချယ်၍ တစ်ဦးလျှင်(၁၄)သိန်းနှင့်ညီမျှသည့် လုပ်ငန်းသုံးစက်ပစ္စည်းများကို သုံးစွဲခွင့်ပေးပြီး လုပ်ငန်းများ ထူထောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်း၌ ငါးပိထောင်းအမျိုးမျိုး၊ မရမ်းပြားငါးပိကြော်၊ ပုစွန်ခြောက်ငါးပိကြော်၊ မန်ကျည်းသီး ငါးပိကြော်၊ အသားတုငါးပိကြော်၊ မြေပဲဆံငါးပိကြော်၊ ပုစွန်ငံပြာရည်ငါးပိကြော်၊ ငါးခြောက် ဘာလချောင်ကြော်အမျိုးမျိုး၊ သီဟိုစေ့ဘာလချောင်ကြော်၊ သရက်သီးသနပ်၊ မရမ်းသီးသနပ်၊ သံပရာသီးသနပ်ပြုလုပ်နည်းစသည့် ဘာသာရပ်များကို ဇူလိုင်(၂၉)ရက်မှ ဩဂုတ်(၄)ရက် သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းသူ(၁၅)ဦး တက်ရောက်ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)