မင်းလှမြို့နယ် ‌ရေနံမကျေးရွာတွင် စာကြည့်တိုက်အသစ်တည်ဆောက်မည့် မြေနေရာအား ပန္နက်တင်မင်္ဂလာ ကျင်းပ

အထက်မင်းလှ  ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရေနံမကျေးရွာတွင် နိုင်ငံတော်မှလှူဒါန်းထောက်ပံ့ငွေဖြင့် ဆောက်လုပ်မည့် ကျေးရွာစာကြည့်တိုက်အဆောက်အဦ ပန္နက်တော်တင်အခမ်းအနားကို ယမန်နေ့နံနက် () နာရီက အဆိုပါ စာကြည့်တိုက်မြေနေရာ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အဆင့်စာကြည့်တိုက်များ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံ‌‌စေရေး စာဖတ်သည့်အလေ့အကျင့်‌‌‌‌‌ကောင်းများရရှိစေ‌ရေးနှင့် အသိပညာဗဟုသုတများရရှိစေရေးအတွက် နိုင်ငံတော်မှကျေးရွာ စာကြည့်တိုက်များ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာငြိမ်းက နိုင်ငံတာ်မတည်ငွေကျပ်သိန်း(၁၅၀)ဖြင့် စာကြည့်တိုက်ဆောက်လုပ်မည့် ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာကြည့်တိုက်အဆောက်အဦအသစ်တည်ဆောက်မည့် မြေနေရာအား မြို့နယ်အဆင့်စာကြည့်တိုက်များ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူး၊ ရေနံမကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များက မင်္ဂလာအချိန်တွင် ရတနာပန္နက်တော်စိုက်ထူ၍ အမွှေးနံ့သာများ ပက်ဖျန်းဆောင်ရွက်ခဲ့သည်။ မင်းလှမြို့နယ်အတွင်း၌ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှမတည်ငွေ ကျပ်သိန်း (၁၅၀) ဖြင့် စာကြည့်တိုက်အဆောက်အဦအတွက် ကျပ်သိန်း(၁၀၀)၊ ပရိဘောဂဝယ်ယူရန် ကျပ်သိန်း(၃၀)၊ စာအုပ်စာစောင်ဝယ်ယူရန် ကျပ်သိန်း(၂၀)သတ်မှတ်၍ မင်းလှမြို့နယ်ရေနံမ‌‌ကျေးရွာတွင် ဆောက်လုပ်မည့် စာကြည့်တိုက်အဆောက်အဦအား ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်တွင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)