ပွင့်ဖြူ ဇူလိုင် ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုရက်ပိုင်း နွေနှမ်းဈေးကွက်တွင် ဈေးအနည်းငယ် ပြန်ကျသွားကြောင်း ပွင့်ဖြူမြို့နယ်တောင်သူအကျိုးဆောင်အသင်း (FFA) ဥက္ကဋ္ဌ ဦးမြင့်အောင်ထံမှ သိရသည်။
" ဒီရက်ပိုင်း နွေနှမ်းဈေးကွက်က နှမ်းနက်၊ နှမ်းဖြူ၊ မဂျမ်းဒေါစတဲ့ နှမ်းသီးနှံတွေအားလုံး ဈေးအနည်းငယ်ပြန်ကျသွားပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်လောက်က ဂျပန်နှမ်းနက် တစ်တင်းကို ငွေကျပ် ၁၈၀၀၀၀ ၊ နှမ်းဖြူ တစ်တင်းကို ငွေကျပ် ၁၄၄၀၀၀ ၊ မဂျမ်းဒေါနှမ်းက တစ်တင်းကို ငွေကျပ် ၁၃၇၀၀၀ ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ နှမ်းဈေးက ပြန်ကျသွားပြီး ဂျပန်နှမ်းနက် တစ်တင်းကို ငွေကျပ် ၁၇၄၀၀၀ ၊ နှမ်းဖြူ တစ်တင်းကို ငွေကျပ် ၁၃၈၀၀၀ ၊ မဂျမ်းဒေါနှမ်းက တစ်တင်းကို ငွေကျပ် ၁၃၄၀၀၀ ဈေးနဲ့သာ အရောင်းအဝယ် ဖြစ်နေပါတယ်" ဟု ပွင့်ဖြူမြို့နယ်တောင်သူ အကျိုးဆောင်အသင်း(FFA)မှ အသင်းဥက္ကဌ ဦးမြင့်အောင် က ပြောသည်။
ပွင့်ဖြူမြို့နယ်၌ နွေနှမ်းစိုက်ပျိုးတောင်သူများ အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် သီးနှံရောင်းချနိုင်ရေးအတွက် တိုင်းဒေသကြီးတောင်သူဖွံ့ဖြိုးရေးအဖွဲ့ (RFDA)၊ မြို့နယ်တောင်သူအကျိုးဆောင်အသင်း (FFA) နှင့် မြင့်မြတ်တော်ဝင် သီးနှံရောင်းဝယ်ရေးကုမ္ပဏီတို့ပူးပေါင်း၍ ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာတွင် ဇူလိုင် (၁၅) ရက်နေ့မှ ဩဂုတ်လ (၁၅) ရက်နေ့အထိ ရက်ပေါင်း (၃၀) ကြာ တောင်သူအစုအဖွဲ့ စုပေါင်းနှမ်းရောင်းချပွဲကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )