လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား အသင့်စားခေါက်ဆွဲခြောက်ထုပ်များ သွားရောက်လှူဒါန်း

လှိုင်းဘွဲ ဇူလိုင် ၂၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာအုပ်စု၌ သံလွင်မြစ်‌ရေ၏ စိုးရိမ်ရေအမှတ် (၉၆၀) စင်တီမီတာကို ကျော်လွန်၍ ယမန်နေ့က (၁၂၁၀) စင်တီမီတာသို့ ရောက်ရှိခဲ့သဖြင့် ကျေးရွာနေပြည်သူများက ရွှေဂွန်းကျေးရွာအထက်ဘုန်းတော်ကြီးကျောင်း၊ မြတ်မင်္ဂလာဘုန်းတော်ကြီးကျောင်း၊ Cyclone Shetter၊ ကားဝင်းကြီးဆိုင်ခန်း၊ ရတနာမွန်ဘုန်းတော်ကြီးကျောင်းစသည့် ရေဘေးကယ်ဆယ်ရေးစခန်း(၅)ခုတို့၌  အိမ်ထောင်စု စုစုပေါင်း (၁၂၆၉) စု၊ လူဦးရေ စုစုပေါင်း(၁၆၉၂)ဦးတို့မှာ ယာယီရေဘေးရှောင်နေကြရကြောင်း သိရသည်။

ရွှေဂွန်းကျေးရွာအတွင်းသို့ သံလွင်မြစ်ရေဝင်ရောက်မှု အခြေအနေများကို သိရှိနိုင်ရန်အတွက် အခြေချစစ်ဗျူဟာ(လှိုင်းဘွဲ)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်း၊ အတွင်းရေးမှူး ရဲမှူးသိန်းထွန်း၊အဖွဲ့ဝင်(၁)ဗိုလ်မှူး ဇော်ရှိန်းအောင်၊ အဖွဲ့ဝင်(၂) ဦးမြတ်စိမ်းတို့က သွားရောက်၍ အထက်ဘုန်းတော်ကြီးကျောင်းရှိ ရေဘေးသင့် ပြည်သူများအား တွေ့ဆုံ၍ အားပေးစကား ပြောကြားခဲ့ကြသည်။

ထို့နောက်  စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့မိ၊ မြို့ဖတို့က စုပေါင်းလှူဒါန်းသော ငွေကျပ်(၈)သိန်းတန်ဖိုးရှိ အသင့်စားခေါက်ဆွဲခြောက်ထုပ် (၅၀)ဖာကို ရွှေဂွန်းကျေးရွာရှိ ရေဘေးရှောင်ပြည်သူများအတွက် ပေးအပ်လှူဒါန်းခဲ့ကြသည်။

လှိုင်းဘွဲမြို့နယ်၌ စုစုပေါင်း ရေဘေးကယ်ဆယ်ရေးစခန်း(၁၀)ခုကို ဖွင့်လှစ်ထားရှိပြီး၊ ရေဝင်ရောက်သည့် အိမ်ခြေ(၁၈၈၅)စု၊ ရေဘေးကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းသည့် အိမ်ထောင်စု (၁၄၄၀) စု၊ လူဦးရေ စုစုပေါင်း(၃၅၆၆) ဦးရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)