တောင်တွင်းကြီးမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

တောင်တွင်းကြီး ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၄−၂၀၂၅ ပညာသင်နှစ် ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇူလိုင် ၂၇ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦးက ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားရာတွင် ကလေးငယ်များသည် အနာဂတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့် ခေါင်းဆောင်ကောင်းများဖြစ်သည့်အားလျော်စွာ ပညာတတ်လူငယ်များဖြစ်လာစေရေး ထောက်ပံ့ပြုစုပျိုးထောင်ပေးရန် တာဝန်ရှိကြောင်း၊ ပညာရည်ပြည့်ဝသောနိုင်ငံ့သားကောင်းရတနာများ ပေါ်ထွက်လာမှသာ တိုင်းပြည်၏အနာဂတ်လည်း တောက်ပြောင်လာမှာဖြစ်ကြောင်း၊ ပညာရေးသည် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံ့ဖွံ့ဖြိုးတိုးတက်မှုသာမက လူ့အဖွဲ့အစည်းရှင်သန်မှုအတွက် အဓိကရေသောက်မြစ်ဖြစ်သည့်အတွက် မိမိတို့၏သားသမီးများအား အကောင်းဆုံးပြုစုပျိုးထောင်ပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများအသီးသီးတို့က မူလတန်းမှ တက္ကသိုလ်အထိ ဝန်ထမ်းသားသမီးများ (၇၀) ဦးအား ပညာသင်စရိတ်ထောက်ပံ့ငွေများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရန်နောင် (ဗိဿနိုးမြေ)