ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြို့ပြနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၁၂) ခု အကောင်အထည်ဖော်ဆောင်ရွက်သွားမည်

ပွင့်ဖြူ ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ယခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြို့ပြနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ခွင့်ပြုငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၆၂ ဒသမ ၈၅) သန်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၁၂) ခုကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံက သိရသည်။

ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၀၂ ဒသမ ၇)သန်းဖြင့် ကွန်ကရစ်လမ်းလုပ်ငန်း ၆ ခု ၊ ရန်ပုံငွေကျပ် (၆ ဒသမ ၈)သန်းဖြင့် တံတားလုပ်ငန်း ၄ ခု ၊ ရန်ပုံငွေကျပ် (၄၇ ဒသမ ၈၅)သန်းဖြင့် ရေစီးရေလာကောင်းမွန်ရေး အရှည်ပေ ၁၈၄၀ ပေ ရေမြောင်းလုပ်ငန်း ဆောင်ရွက်ခြင်းနှင့် ရန်ပုံငွေ (၅ ဒသမ ၅)သန်းဖြင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်း ၂ ခု၊ စုစုပေါင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်း(၁၂)ခုကို ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၆၂ ဒသမ ၈၅) သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေနဲ့ မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်အတွက် နှစ်စဉ်နှစ်တိုင်း ဌာန၏ ခွင့်ပြုရန်ပုံငွေအပေါ်မူတည်ပြီး မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ယခု ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်မှာလဲ ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေနဲ့ ဒေသခံပြည်သူတွေ သွားလာရေး အဆင်ပြေစေရန်အတွက် လမ်း/တံတားလုပ်ငန်းတွေ ၊ ရေစီးရေလာကောင်းမွန်စေဖို့  ရေမြောင်းပြုလုပ်ခြင်းနဲ့ အခြားဖွံ့ဖြိုးရေးလုပ်ငန်းတွေအပါအဝင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း(၁၂)ခုကို ပြုလုပ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ဖို့အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စတင်အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် က ပြောသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )