လဟယ်မြို့တွင် ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲနှင့်ဝါတွင်းကာလ ဉပုသ်သီလတရားတော်များ ခံယူဆောက်တည်

လဟယ် ဇူလိုင် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ထေရဝါဒဗုဒ္ဓသာသနာပြု၊ ဗဟိုသာသနာပြုဌာန၌ ကျင်းပပြုလုပ်သည့် (၇)ကြိမ်မြောက် အပတ်စဉ်တ‌နင်္ဂနွေနေ့ ဓမ္မစကူးလ်သင်တန်းဖွင့်ပွဲနှင့် ဝါတွင်းကာလ ဉပုသ်သီလတရားတော်များ ခံယူဆောက်တည်ခြင်းကို ယနေ့နံနက်(၀၉)နာရီအချိန် လဟယ်မြို့ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း ဗဟိုသာသနာပြုဌာန၌ ကျင်းပပါသည်။

ဦးစွာ အခမ်းအနားကို နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းနားအား စတင်ပြီး မဟာသဒ္ဒမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဗဟိုသာသနာပြုခေါင်းဆောင်ဆရာတော် ဘဒ္ဒန္တသုမနအရှင်သူမြတ်ထံမှ (၈)ပါး သီလခံယူဆောက်တည်ကြပါသည်။ ထို့နောက် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးလင်းကိုကိုက ကန်တော့ပွဲနှင့်လှူဖွယ်၀တ္ထုများ ဆက်ကပ်လှူဒါန်းပါသည်။

၎င်းနောက် ဗဟိုသာသနာပြုခေါင်းဆောင်ဆရာတော် ဘဒ္ဒန္တသုမနက ဩဝါဒကထာမိန့်ကြား‌မူသည်။ ထို့နောက် နာဂဒေသစီမံကိန်းဦးစီးမှူး ဒေါ်ရီရီပြုံးက ၀မ်းမြောက်ကြောင်းစကား လျှောက်ထားပြောကြားပြီး အနုမောဒနာတရားများ နာကြားကာ ရေစက်သွန်းချအမျှပေးဝေ၍ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဓမ္မစကူးလ်သင်တန်းတွင် KGတန်းမှGrade-8 တန်းအထိ ကျောင်းသား/သူ(၃၅၀)ဦးကျော် တက်ရောက်ကြမှာဖြစ်ပြီး ၂၀၂၅ခုနှစ် ဇန်နဝါရီလအထိ အပတ်စဉ်တ‌နင်္ဂနွေနေ့ တိုင်းသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

လဟယ်(ပြန်/ဆက်)