မင်းဘူး ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ် စကုမြို့နှင့် ပင်လယ်သက်ကျေးရွာတို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဆောက်လုပ်မည့် စာကြည့်တိုက်အဆောက်အဦများအတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်မည့်မြေနေရာများတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မင်းဘူးမြို့နယ် စကုမြို့၌ ဆောက်လုပ်မည့် စာကြည့်တိုက် အဆောက်အဦသစ်အတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက်၈နာရီကကျင်းပရာ မင်းဘူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင်၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမောင်မောင်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်၍ ပန္နက်တိုင်များ အသီးသီးစိုက်ထူပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စာကြည့်တိုက်အဆောက်အဦသစ်အား တာဝန်ယူဆောက်လုပ်မည့် စိန်သုံးလုံးမိသားစု ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများကို တွေ့ဆုံ၍ စာကြည့်တိုက်အဆောက်အဦအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးအောင် တည်ဆောက်သွားရန် လမ်းညွှန်မှာကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မင်းဘူးမြို့နယ် ပင်လယ်သက်ကျေးရွာသို့ သွားရောက်၍ ကျေးရွာစာကြည့်တိုက်အဆောက်အဦသစ် ဆောက်လုပ်ရန် ကျေးရွာရပ်မိရပ်ဖများနှင့်အတူ ပန္နက်တိုင်များ စိုက်ထူခြင်းနှင့် အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ ယင်းနောက် စာကြည့်တိုက်အဆောက်အဦအား တာဝန်ယူဆောက်လုပ်မည့် အောင်ဇေဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူများကို တွေ့ဆုံကာ ကျေးရွာစာကြည့်တိုက် အဆောက်အဦအား ရေရှည်တည်တံ့ကောင်းမွန်အောင် တင်ဒါပါစည်းကမ်းချက်များအတိုင်း အချိန်မီပြီးစီးအောင် ကြိုးပမ်းတည်ဆောက်သွားရန် ဆွေးနွေးမှာကြားသည်။
မင်းဘူးမြို့နယ်၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရန် အကောင်အထည်ဖော်ဆောက်လုပ်သွားမည့် စာကြည့်တိုက်အဆောက်အဦသစ်များကို စကုမြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လှူဒါန်းငွေကျပ် သိန်း(၁၅၀)ဖြင့် အလျားပေ (၂၀)၊ အနံ (၁၉)ပေရှိ စာကြည့်တိုက်အဆောက်အဦဆောက်လုပ်ခြင်း၊ စာကြည့်တိုက်အတွက် လိုအပ်သောအသုံးအဆောင်ပရိဘောဂပစ္စည်းများနှင့် စာအုပ်စာစောင်များဝယ်ယူခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး မင်းဘူးမြို့နယ် ပင်လယ်သက်ကျေးရွာတွင် နိုင်ငံတော်အစိုးရနှင့် ပြည်သူများ စုပေါင်းလှူဒါန်းငွေကျပ် သိန်း(၁၅၀)ဖြင့် အလျားပေ(၂၀)၊ အနံ(၁၉)ပေရှိ စာကြည့်တိုက်အဆောက်အဦ ဆောက်လုပ်ခြင်း၊ စာကြည့်တိုက်အသုံးအဆောင်ပရိဘောဂပစ္စည်းများနှင့် စာအုပ်စာစောင်ဝယ်ယူခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမောင်မောင်ကျော်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)