ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကမ်းပတ်တာအ‌ခြေအနေများအား တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေး

ကန်ကြီးထောင့် ဇူလိုင်  ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သောအဖွဲ့သည် မြိုနယ်အတွင်းရှိ ရေတံခါးများ၊ ကမ်းပတ်တာအခြေအနေများအား စဉ်ဆက်မပြတ်လိုက်လံ ကြည့်ရှုစစ်ဆေးလျက်ရှိရာ ယမန်နေ့နေ့လည်၂နာရီခွဲအချိန်ခန့်က ထပ်မံ၍လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုသို့ လိုက်လံကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်ဆည်မြောင်းဦးစီး၊ မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ အမှု‌ဆောင်အရာရှိ၊ မြို့မစခန်းမှူး၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများသည် အမှတ်၁ရပ်ကွက်မှ ကွင်းယားအနောက်ကျေးရွာအုပ်စု၊ သဘော့ငူကျေးရွာအုပ်စုနှင့် ဒါးကကျေးရွာအုပ်စုအထိလည်းကောင်း၊ ဒါးက-ရွေးကုန်းကမ်းပတ်တာတစ်လျှောက်အား မော်တော်ဆိုင်ကယ်ဖြင့် လှည့်လည်၍ တာစိမ့်ပေါက်မှုမရှိစေရေး၊ ရေကင်းများချထားမှုအခြေအနေ ၊ရေတံခါးကြံခိုင်မှုရှိ/မရှိ၊သဲအိတ်များ ကြိုတင်စုဆောင်းထားရှိမှုအခြေအနေတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဆက်လက်ပြီး မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သောအဖွဲ့သည် ဒါးက-မန္တလေးကုန်းတာတစ်လျောက်အား လှည့်လည်၍ တာအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ ကန်ကြီးထောင့်မြို့နယ်ရှိ အဆိုပါ ရေတံခါးများ၊ ကမ်းပတ်တာများအား စဉ်ဆက်မပြတ် လိုက်လံကြည့်ရှုစစ်ဆေးလျက်ရှိရာ လက်ရှိအခြေအနေတွင် ရေတံခါးများ၊ ကမ်းပတ်တာအခြေအနေများမှာ ကောင်းမွန်မှုရှိပါကြောင်း၊ စိုးရိမ်ဖွယ်အခြေအနေမရှိပါကြောင်း သက်ဆိုင်ရာမှ သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)