မြို့သစ်မြို့နယ်မှ ဒေသထွက်ခရမ်းချဉ်သီးစျေးနှုန်း ပြန်လည်ကျဆင်း

မြို့သစ် ဇူလိုင် ၂၈

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများသာမက ရာသီအလိုက်ကာလတို/ကာလရှည်သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ခရမ်းချဉ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန် ခရမ်းချဉ်သီးဈေးနှုန်းမှာ တစ်ပိဿာ(၁၈၀၀)ကျပ် စျေးရောင်းချရကြောင်း သိရသည်။

ခရမ်းချဉ်သီးနှံသည် ပျိုးထောင်သည့်အချိန်မှ စတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ပြီး စိုက်ပျိုးမြေအမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများအသုံး ပြုရကြောင်း ခရမ်းချဉ်စိုက်ပျိုးသူထံက သိရသည်။

ခရမ်းချဉ်မျိုး(၂)ထုပ် စိုက်ပျိုးပါက ငွေကျပ်ငါးသိန်းခွဲ၊ ခြောက်သိန်းဝန်းကျင်ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးပြီး ရက်ငါးဆယ်ဝန်းကျင်တွင် အသီးများ စတင်ခူးဆွတ်ရောင်းချရကြောင်း၊ အသီးစတင်ခူးဆွတ်ချိန်တွင် တစ်ပိဿာ (၄၀၀၀)ကျပ် ရောင်းချရသော်လည်း အသီးလှိုင်ချိန်တွင် တစ်ပိဿာ(၁၈၀၀)ကျပ်စျေးရရှိကြောင်း၊(၂)ရက်ခြားတစ်ကြိမ် ခူးဆွတ်ရသဖြင့် နေ့စဉ်နီးပါးဝင်ငွေရရှိသော်လည်း စျေးနှုန်းများကျဆင်းနေကြောင်း ၎င်းကဆက်လက်ပြောသည်။

မြို့သစ်မြို့နယ်တွင် စီးပွားဖြစ်ခရမ်းချဉ်သီးစိုက်ပျိုးသူများအနေဖြင့် ဗမာခရမ်းချဥ်သီးနှင့် ထိုင်ဝမ်ခရမ်းချဉ်မျိုးများကို နေရာခွဲကာ စိုက်ပျိုးကြကြောင်းနှင့် ခရမ်းချဉ်များသည် အခွံထူအထားခံမျိုးဖြစ်သောကြောင့် စိုက်ပျိုးမည်ဆိုပါက ဦးစွာသဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေပြုပြင်ထားမှသာ အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးထွက်နှုန်း ကောင်းမွန်ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)