ပွင့်ဖြူ ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိကမှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသတွင် မိုးရွာသွန်းမှုကြောင့် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် သုည ဒသမ ၁ ပေ ရေပိုလွှဲမှ စတင်ရေကျော်ကျလာသဖြင့် တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရန် အရေးပေါ်အခြေအနေ အဆင့်(၁)အဖြစ် သတ်မှတ်ကာ အစိမ်းရောင်အလံများ စိုက်ထူ၍ အသိပေးနှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်ထားရှိကြောင်း အဆိုပါကြီးအုံကြီးဝတမံမှ (ရေကင်းတာဝန်ခံ) ဦးစီးအရာရှိ ဦးထွန်းလွင်ထံက သိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေ ဝင်ရောက်မှုများရှိခဲ့ရာ ယမန်နေ့နံနက် ၆ နာရီအချိန် တိုင်းထွာရာတွင် တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် ၂ ဒသမ ၆ ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိပြီး ထိုသို့ တမံရေပိုလွှဲမှ ရေကျော်ကျသော်လည်း တမံအောက်ဘက်ရှိ ကျေးရွာနေပြည်သူများအတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် တမံနှင့်ရေပိုလွှဲနှင့်ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်လျက်ရှိကြောင်း၊ သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေးစီမံချက်အရ အရေးပေါ်အခြေအနေ သတ်မှတ်၍ တမံအတွင်း မိုးရေဝင်ရောက်မှုအခြေအနေအား ပြည်သူများ အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန် အစိမ်းရောင်အလံစိုက်ထူ၍ အသိပေးနှိုးဆော်ထားရှိခြင်းဖြစ်ကြောင်းနှင့် ယင်းတမံရှိ တာဝန်ခံဦးစီးအရာရှိ ဦးထွန်းလွင်နှင့် ဦးစိုးတင့်တို့က အနီးကပ်ကြီးကြပ်၍ ဝန်ထမ်းများက ရေကင်းတာဝန်များကို (၂၄)နာရီ စောင့်ကြပ်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်ကျမှုနှင့်ပတ်သက်၍ ပြည်သူများအား ကြိုတင်အသိပေးနှိုးဆော်ခြင်းကို အပိုင်း(၃)ပိုင်းခွဲ၍ ရေပိုလွှဲမှ ရေစတင်ကျော်မှုအား အရေးပေါ်အခြေအနေအဆင့်(၁)အဖြစ် အစိမ်းရောင်အလံ သတ်မှတ်ထားရှိကြောင်း၊ ရေပိုလွှဲမှ ရေကျော်ကျမှု ဆက်လက်မြင့်တက်လာပြီး မူလဒီဇိုင်းပြု သတ်မှတ်ထားသည့် Maximum High Flood Level သို့ ရောက်ရှိကာ တမံအောက်ဘက်ဒေသများ ရေကြီးမှုဖြစ်ပေါ်နိုင်ခြင်းကို အရေးပေါ် အခြေအနေအဆင့်(၂)အဖြစ် အဝါရောင်အလံ သတ်မှတ်ထားရှိကြောင်း၊ ရေပိုလွှဲမှ ရေကျော်စီးထွက်နေမှုမှာ Maximum High Flood Level ထက် ကျော်လွန်ပြီး ရေပိုလွှဲအဆောက်အအုံ ကျိုးပေါက်ပျက်စီးစေနိုင်သည့် အခြေအနေဖြစ်ပေါ်နိုင် ခြင်းကို အရေးပေါ်အခြေအနေအဆင့်(၃)အဖြစ် အနီရောင်အလံ သတ်မှတ်ထားရှိကြောင်းနှင့် ပြည်သူများ သဘာဝဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် တမံအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေ ရှိ/မရှိ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါ ကြီးအုံကြီးဝတမံ(ရေကင်းတာဝန်ခံ) ဦးစီးအရာရှိ ဦးထွန်းလွင်က ပြောသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)