ကျောက်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေချောင်းအတွင်း စီးဝင်မှုကြောင့် မြို့နယ်အတွင်းရှိဒေသခံများ ယာယီပြောင်းရွှေ့

ကျောက်ကြီး ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ဇူလိုင် ၂၅ ရက်နှင့်၂၆ ရက် နေ့များတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေ ကျောက်ကြီးချောင်းအတွင်း စီးဝင်မှုကြောင့် မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအချို့ ရေဝင်ရောက်မှုများရှိသဖြင့် ယာယီပြောင်းရွှေ့နေထိုင်ရကြောင်းသိရသည်။

ကျောက်ကြီးချောင်းရေဝင်ရောက်မှုကြောင့် ဇူလိုင် ၂၆ ရက်နေ့တွင် ပဲခူးရပ်ကွက်၊ ကပ်ကျေးရပ်ကွက်၊ သိန်တန်းရပ်ကွက်နှင့် သောင်လယ်ကျေးရွာအုပ်စုတို့ရှိ အိမ်ထောင်စု(၉၁)စု၊ လူဦးရေ(၃၉၃)ဦးအား မြို့ဦးဘုန်းတော်ကြီးကျောင်းနှင့် နီးစပ်ရာဆွေမျိုးများအိမ်သို့ ယာယီပြောင်းရွှေ့နေထိုင်ကြပြီး ဇူလိုင် ၂၇ ရက်နေ့တွင် ပဲခူးရပ်ကွက်၊ ဆားတန်းရပ်ကွက်၊ ကပ်ကျေးရပ်ကွက်၊ သိန်တန်းရပ်ကွက်နှင့် မအူပင်ဆိပ်ကျေးရွာအုပ်စုတို့ရှိ အိမ်ထောင်စု(၁၆၂)စု၊ လူဦးရေ(၆၄၂)ဦးအား မြို့ဦးဘုန်းတော်ကြီးကျောင်း၊ မင်းအိုကြီးဘုန်းတော်ကြီးကျောင်း၊ ရှင်သီဝလိခြေတော်ရာတောင်နှင့်နီးစပ်ရာဆွေမျိုးများအိမ်သို့ ယာယီပြောင်းရွှေ့ခဲ့ကြောင်းသိရသည်။

 အဆိုပါ ယာယီပြောင်းရွှေ့မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဦးဆောင်စီမံပြီး နယ်မြေခံတပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သည့်ကူညီမှုများ ထောက်ပံ့မှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၉၃၀) စင်တီမီတာရှိပြီး ယနေ့တွင် (၈၃၀)စင်တီမီတာရှိပါကြောင်း၊ ကျောက်ကြီးချောင်းရေသည် တောင်ကျရေဝင်ရောက်မှုကြောင့်(၃.၅)ပေခန့် မြင့်တက်လာခြင်းဖြစ်၍ စိုးရိမ်စရာမရှိသေးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက သိရသည်။

မြို့နယ်ပြန်/ဆက်