ဟင်္သာတ ဇူလိုင် ၂၈
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ယမန်နေ့က ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်/မြို့နယ်စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးနှင့် ဇနီး ဒေါ်ခင်သန္တာဦး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ လ/ထညွှန်မှူး ဦးအောင်ဇော်မင်းနှင့် ဇနီး ဒေါ် ခိုင်ခိုင်လွင်၊ ဟင်္သာတမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ဆန်းထွန်းနှင့် ဇနီး ဒေါ်အိအိခင်၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမူထမ်းများ၊ မိသားစုဝင်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ဧည့်ပရိတ်သတ်များက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မြစ်ကွေ့ကျောင်းတိုက်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပင်သံဃာဆရာတော်အရှင်သူမြတ်တို့ထံမှ မေတ္တာသုတ်ပရိတ်တော်များ နာယူကြည်ညိုခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဇနီးတို့မှဦးဆောင်၍ တာဝန်ရှိသူများက သံဃာတော်အရှင်သူမြတ်တို့အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မြစ်ကွေကျောင်းတိုက်ဆရာတော်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေးကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်းရွက်ဆို ဘုရားကန်တေ့ာ၍ ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)