ကျွန်းလှ၌ မိုးမြေပဲစိုက်ခင်းအတွင်း အမြန်သုံးစူပါအီးအမ်ဘိုကာရှီထည့်သွင်းခြင်း ကွင်းသရုပ်ပြ

ကျွန်းလှ ဇူလိုင် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ စိုက်ပျိုးသောမိုးမြေပဲစိုက်ခင်းအတွင်း အမြန်သုံးစူပါအီးအမ်ဘိုကာရှီထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၇ နာရီခွဲက မန်ကျည်းအင်းကျေးရွာ၊ ကွင်းအမှတ် (၂၉၂) တောင်သူ ဦးရာစိန်၏ မိုးမြေပဲစိုက်ခင်း (၃) ဧက၌ ကျင်းပသည်။

ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက စိုက်ခင်းများအတွင်း အမြန်သုံးအီးအမ်ဘိုကာရှီ ထည့်သွင်းအသုံးပြုခြင်းဖြင့် ကုန်ကျစရိတ်သက်သာပြီး မြေဆီလွှာ၏ရုပ်သတ္တိ၊ ဇီဝဂုဏ်သတ္တိများနှင့် အကျိုးပြုအဏုဇီဝများလှုပ်ရှားမှု၊ ပေါက်ဖွားမှုများတိုးတက်လာခြင်း၊ သီးနှံအထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်ခြင်း၊ မြေဆွေးဓါတ်၏အကျိုးသက်ရောက်မှုတိုးမြှင့်ခြင်း စသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူး၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ၊ တက်ရောက်ကြကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်က မိုးမြေပဲ ၇၂၃၅ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧက ပျမ်းမျှ ၄၃ ဒသမ ၅၀ တင်းထွက်ရှိကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်၌ မိုးမြေပဲစိုက်ပျိုးရန် ၇၂၂၃ ဧကလျာထားပြီး ယနေ့အထိ ၅၅၈၃ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို