တောင်ငူမြို့နယ်၊ ကျွန်းကုန်းအခြေခံပညာ အထက်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲနှင့် သစ်ပင်စိုက်ပွဲတော်ကျင်းပ

တောင်ငူ ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာအုပ်စု၊ ကျွန်းကုန်းအခြေခံပညာ အထက်တန်း ကျောင်း၌ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်၍အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပွဲတော်ကို ယနေ့နံနက် (၈)နာရီခွဲအချိန်က ကျင်းပသည်။

ဦးစွာ တောင်ငူမြို့နယ်၊ ကျွန်းကုန်းအခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုသွယ့်က အမှာစကားပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ရဲဝင်းက သစ်တောဦးစီးဌာန၏ ဆောင်ရွက်နေမှုများနှင့် သစ်ပင်စိုက်ပျိုးနေမှုများ၊ သစ်တော အမျိုးအစား (၈) မျိုးအကြောင်း၊ သစ်တောများ၏ ကောင်းကျိုးများ၊ ကျောင်းသား ကျောင်းသူများမှ သစ်တောသစ်ပင်များအား ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်ပေးရန် တို့ကို အသိပညာပေးဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ စုစုပေါင်း (၁၅၀)ဦးခန့်က ကျွန်း၊ ရေတမာ၊ ခရေ၊ စိန်ပန်းကြီး၊ ယင်းမာ၊ ကံ့ကော်၊ ပိတောက်၊ ယမနေ၊ မန်ဂျန်၊ ပိန္နဲ၊ ငုရွှေ၊ ဗန်ဒါ၊ ကုက္ကို၊ ပျဥ်းမနှင့် စွယ်တော်ပင် (၃၀၀)ပင်ကို စိုက်ပျိုးခဲ့ကြောင်းသိရသည်။

ဇော်ကိုကို (တောင်ငူ)