ရွှေဘို ဇူလိုင် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲ ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူလေးများက “မြန်မာ့ကျောင်း သီချင်း"ဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက အဖွင့်အမှာစကားပြောကြားရာ "ပညာဆိုသည်မှာ အမှားအမှန် အကြောင်းအကျိုး အကောင်းအဆိုးကိုဝေဖန်ပိုင်းခြားနိုင်သည့် အသိဥာဏ်ရရှိစေကြောင်း၊ နိုင်ငံသားတိုင်း အသိဥာဏ်ပညာနှင့်ပြည့်စုံမှသာ နိုင်ငံအကျိုးသယ်ပိုး နိုင်သည့်စစ်မှန်သည့် အင်အားတစ်ရပ်ထူထောင်နိုင်မည် ဖြစ်ကြောင်း"ပြောကြားခဲ့ပြီး၊ ခရိုင်ပညာရေးမှူး ဦးစိုးနိုင်က ဂုဏ်ပြုချီးမြှင့်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားကာ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့်အဖွဲ့ဝင်များ၊ အမှတ်(၅) စစ်အုပ်ချုပ်ရေး နယ်မြေစစ်နယ်မြေမှူးနှင့်တာဝန်ရှိသူများ၊ ခရိုင်ပညာရေးမှူးဦးစိုးနိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖ များက (၅)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၄)ဘာသာ ဂုဏ်ထူးရှင်(၄)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ (၁)ဘာသာ ဂုဏ်ထူးရှင် (၁၆)ဦး၊ ဂုဏ်ထူးရကျောင်းသား/ ကျောင်းသူစုစုပေါင်း(၃၁)ဦးတို့အား၊ အမှတ်(၅)စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူးကဂုဏ်ထူးရှင်(၁)ဦးလျင်ကျပ်ငွေ(၃၀၀၀၀ိ/)၊ ပညာရေးကြီးကြပ်မှုကော်မတီက(၄၀၀၀၀ိ/)ဂုဏ်ပြုဆုငွေများ အသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။
ထို့နောက် ဆုရကျောင်းသား/ ကျောင်းသူလေးများကိုယ်စား (၃)ဘာသာဂုဏ်ထူးရှင် လူရည်ချွန်နှစ် ထပ်ကွမ်း မလင်းလက်ရတီ ကကျေးဇူးတင်စကားပြောကြားကာ ကျောင်းသား/ သူလေးများမှ "ဇာတိမာန်"သီချင်းသီဆိုကာအခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်
အေးမြင့်စန်း