ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ရှိ ပဲခူးမြစ်ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုအခြေအနေအား ကြည့်ရှု့စစ်ဆေး

ပဲခူး ဇူလိုင် ၂၈    

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက အစိုးရ အဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ရှိ ပဲခူးမြစ်ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုအခြေအနေအား သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့သည်။     

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြစ်ရေဘေးကာကွယ်ရေးတာတစ်ခုဖြစ်သည့် ပန်းလှိုင်ရေတားတာ၌ ရေဘေးကြိုတင်ကာကွယ်ဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေကျော်နိုင်သည့် တာအနိမ့်ပိုင်းနေရာများတွင် သဲအိတ်များကြိုတင်စုပုံထားရန်၊ ရေတားတာတစ်လျောက် ရေကင်းများစနစ်တကျထားရှိပြီး စောင့်ကြည့်စစ်ဆေးရန်၊ ဖြစ်ပေါ်လာနိုင်သည့် မြစ်ရေမြင့်တက်နိုင်မှု အခြေအနေအားတွက်ဆ၍ လူအသင့်၊ စက်ရေယာဉ်အသင့်၊ ပြောင်းရွေ့ပေးရန် မော်တော်ယာဉ်အသင့်ထားရန်နှင့် ရေဘေးကာကွယ်ရေးတာများ၏ ကြိုတင်ရေဘေးကာကွယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာများပါဝင်သည့်အဖွဲ့များ ဖွဲ့စည်းစောင့်ကြည့်ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။        

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြစ်ရေဘေး ကာကွယ်ရေးတာများဖြစ်သည့် ကျောက်ကြီးရပ်ကွက်ရှိ ကျောက်ကြီးစုတာနှင့် ညောင်ဝိုင်းရပ်ကွက်ရှိ ညောင်ဝိုင်းတာများ၏ ရေဘေးကြိုတင်ကာကွယ်ရေး ပြင်ဆင်ထားရှိမှုနှင့်တာကြံ့ခိုင်မှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဝင်ရောက်လာသည့် ရပ်ကွက်များအတွင်း နေထိုင်သည့်ပြည်သူများအတွက်လိုအပ်သည်များ ပံ့ပိုးကူညီပေးရန်နှင့်လိုအပ်လာပါက အမြန်ဆုံးစုဖွဲ့နေထိုင်ရာမည့်နေရာသို့ သွားရောက်နိုင်ရေးကြိုတင်အသိပေးခြင်းများ ဆောင်ရွက်ရန်နှင့်လိုအပ်သည့် ရေဘေးကယ်ဆယ်ရေးစခန်းများဖွင့်လှစ်နိုင်ရေးပြင်ဆင်ထားရန် တာဝန်ရှိသူများအားလမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ပဲခူးမြစ်ရေဝင်ရောက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ပဲခူးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ်(၈၈၀) စင်တီမီတာအထက်ကျော်လွန်ကာ (၉၃၀)စင်တီမီတာအထိရောက်ရှိနေပြီဖြစ်၍ အနိမ့်ပိုင်းရပ်ကွက်များတွင် ရေဝင်ရောက်မှုလျက်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များ အနီးကပ်ကြီးကြပ်ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)