ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့

ဘားအံ ဇူလိုင် ၂၈

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေချောင်း ရေများ မြင့်တက်လာပြီး အနိမ့်ပိုင်းလူနေရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာကာ ဆက်လက်နေထိုင်ရန်မသင့်တော် တော့သည့်အတွက် ယာယီရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ရာ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများအား သွားရောက် တွေ့ဆုံအားပေး၍ စားသောက်ကုန်ပစ္စည်းများနှင့်ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ မိုးလုံ လေလုံအားကစားခန်းမအတွင်း ယာယီပြောင်းရွှေ့နေရာချထားပေးသော ရေဘေးသင့် အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ယာယီရေဘေးကယ်ဆယ်ရေး စခန်းများတွင် နေထိုင်စဉ်ကာလ အတွင်း တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများကို တာဝန်ကျအဖွဲ့များနှင့်ပူးပေါင်း၍ ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ နိုင်ငံတော်အစိုးရ၊ ပြည်နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ စေတနာရှင် ၊ အလှူရှင်များကလည်း လိုအပ်သည့်ကူညီထောက်ပံ့မှုများကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး တစ်ဦးနှင့် တစ်ဦးရင်းနှီးချစ်ကြည်စွာဖြင့် အေးချမ်းပျော်ရွှင်စွာ နေထိုင်သွားကြစေလိုကြောင်း စသည်ဖြင့် အားပေးစကားများ ပြောကြားပြီး အဆိုပါရေဘေးကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု ၃၂၁ စု၊ လူဦးရေ ၁၄၉၉ ဦးအတွက်  ကရင်ပြည်နယ်  အစိုးရအဖွဲ့ကထောက်ပံသော ဆန် ၈၃ အိတ်၊ ဆီ ၁၆၀ ပိဿာ ၅၀ သား၊ ကြက်ဥ ၁၀၄၉၃ လုံး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ဆန်ရိက္ခာဖိုးငွေ(၃၀၅၉၇၀ဝိ/-) သုံးဆယ်သိန်း ငါးသောင်း ကိုးထောင်ခုနှစ်ရာကျပ်တို့ကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်၊ အုန်းမုတ်စိန်လမ်းတွင် ရေဘေးသင့်ပြည်သူများအား နယ်မြေခံတပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များက ဘေးလွတ်ရာယာယီကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့နေရာချထားပေးမှုအခြေ အနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး သံလွင်မြစ်ရေသည် ယနေ့တိုင်းတာချက်များအရ ဘားအံမြို့၏ စိုးရိမ်ရေမှတ် (၇၅၀ စင်တီမီတာ) အထက် ၉၂၆ စင်တီမီတာသို့ ကျော်လွန်ရောက်ရှိနေရာ ဘားအံမြို့နယ်တွင် ရေဘေးကယ်ဆယ်ရေး စခန်း ၁၄ ခု၊ လှိုင်းဘွဲမြို့နယ်တွင် (၆)ခု၊ စုစုပေါင်းရေဘေးကယ်ဆယ်ရေးစခန်းပေါင်း ၂၀ ခုကို ဖွင့်လှစ်ထားရှိကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  သံလွင်မြစ်ရေနှင့်မိုးရေများစီးဝင်နေသော အနိမ့်ပိုင်းရပ်ကွက်များအား စက်တပ်လှေများဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ အား လိုအပ်သည်များမှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ပဒုမ္မာလမ်းရှိ မိုးလုံလေလုံ အားကစားခန်းမ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် ပြောင်းရွှေ့နေထိုင်သော ရေဘေးသင့်အိမ်ထောင်စု ၁၅၀ စု၊ လူဦးရေ ၆၈၁ ဦးတို့အား သွားရောက်တွေ့ဆုံအား ပေးစကားပြောကြား၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန် ၄၉ အိတ်၊ ဆီ ၇၅ ပိဿာ၊ ကြက်ဥ ၄၇၆၇ လုံးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ဆန်ရိက္ခာဖိုးငွေ ၁၄၃၀၁၀ဝိ/-(တစ်ဆယ့်လေးသိန်းသုံးသောင်းတစ်ရာကျပ်)တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ ရွှေယဉ်မျှော်ပြည်တော်ဧ စေတီတော်ယာယီကယ်ဆယ်ရေးစခန်းတွင် ပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စု ၁၆၃ စု၊ လူဦးရေ ၈၂၄ ဦးတို့အား သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ဆန် ၆၀ အိတ်၊ ဆီ ၈၁ ပိဿာ ၅၀ သား၊ ကြက်ဥ ၅၇၆၈ လုံးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ဆန်ရိက္ခာဖိုးငွေ ၆၄၈၉၀ဝိ/-(ခြောက်သိန်း လေးသောင်း ရှစ်ထောင်ကိုးရာကျပ်)တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ကျန်ရှိသည့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့လည်း ကူညီထောက်ပံ့မှုများ ဆက်လက်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၁)အဆင့်မြင့်ရေပေါ်ပျံကျဈေးတွင် ရေများ ဝင်ရောက်လာသည့်အတွက် ဘားအံမြို့၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်းသို့ ယာယီပြောင်းရွှေ့ဖွင့်လှစ်ထားသော ပျံကျဈေးတွင် ဈေးသူ၊ဈေးသားများနှင့် မြို့သူမြို့သားများ၏ ရောင်းဝယ်ဖောက်ကားနေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားကာ ကမ်းနားလမ်းတွင် သံလွင်မြစ်ရေ မြင့်တက်လာသည့် အခြေအနေများ အား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)