နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ Drum Seeder စိုက်ပျိုးနည်းစနစ် ကွင်းသရုပ် ပြပွဲကျင်းပ

ထန်ပါခွေ     ဇူလိုင်  ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ တောင်သူ ဦးခနူး၏ စိုက်ကွက်၌ ဇူလိုင်လ (၂၇)ရက်၊ နံနက် (၁၁)နာရီအချိန်က Drum Seeder အသုံးပြု၍ မိုးစပါးတိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်းစိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွင်းသရုပ်ပြပွဲတွင် ထန်ပါခွေမြို့စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးအောင်မင်းသူက Drum Seeder အသုံးပြု၍ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်းအားဖြင့် လုပ်သားရှားပါးမှုကိုလျော့ချနိုင်ခြင်း၊ ပျိုးနှုတ်၊ ကောက်စိုက်စရိတ်သက်သာခြင်း၊ စိုက်ခင်းအား အပင်အတွက်လိုအပ်သည့် အာဟာရဓါတ်များဖြည့်စွက်ပေးနိုင်ခြင်း၊ ပေါင်း၊ မြက်နှင့် ပိုးမွှားရောဂါကာကွယ် နှိမ်နင်းခြင်း များကို အပင်သက်တမ်းအလိုက် စနစ်တကျပြုစုစောင့်ရှောက်ပါက ပျိုးထောင်စိုက်ခင်းကဲ့သို့ အထွက်နှုန်းရရှိနိုင်သည့်အပြင် ဆောင်းသီးနှံအား စောလျင်စွာစိုက်ပျိုးနိုင်သည့် အကျိုးကျေးဇူး များရရှိနိုင်ပါကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

အဆိုပါကွင်းသရုပ်ပြပွဲသို့ ထန်ပါခွေမြို့ တပ်စခန်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဖြိုးဝေလင်း၊ မြို့အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ဦးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူ(၂၃)ဦးမှ ကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထန်ပါခွေ(ပြန်/ဆက်)