“စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာတမ်းဖတ်ပွဲ” ဟင်္သာတခရိုင် ပြန်/ဆက်ရုံးတွင် ကျင်းပ

ဟင်္သာတ ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် “စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးစာတမ်းဖတ်ပွဲ” ကို ယနေ့နံနက် ၉ နာရီမှစတင်၍ ခရိုင်ပြည်သူ့စာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေက “ဤစာတမ်းဖတ်ပွဲကို အမြဲမပြတ်လေ့လာသင်ယူရေး (Never Stop Learning Campaign 2024) လှုပ်ရှားမှုကိုအခြေခံပြီး ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် စာပေလေ့လာဖတ်ရှုခြင်း၊ စာတမ်းပြုစုခြင်း၊ သုတေသနပြုခြင်းတို့မှတစ်ဆင့် ရရှိလာသည့်အတွေ့အကြုံ၊ အသိပညာဗဟုသုတများကို လက်ဆင့်ကမ်းမျှဝေပေးနိုင်ရန်၊ မိမိလုပ်ငန်းနှင့်ပတ်သက်၍ မိမိတို့ကိုယ်တိုင်က ဦးဆောင်ပြီး စီမံခန့်ခွဲနိုင်စေရန်အတွက် မိမိတို့အတွက် လိုအပ်နေသည့်အချက်များ အားနည်းချက်များကို ရှာဖွေဖော်ထုတ်သုံးသပ်ပြီး အားသာချက်များအဖြစ် ပြောင်းလဲနိုင်အောင် ကြိုးစားရှာဖွေဖော်ထုတ်နိုင်ရန်ဖြစ်ကြောင်း၊ မိမိဒေသအတွင်းရှိ မိမိတို့ဌာနပြည်သူ့စာကြည့်တိုက်များ တိုးတက်မြင့်မားလာစေရေးအပြင် ဒေသတွင်းရှိ ပြည်သူ့စာကြည့်တိုက်၊ ကျောင်းစာကြည့်တိုက်များကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် မိမိတို့တတ်စွမ်းသည့်ဘက်က ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ရန်နှင့် ပြည်သူများစာဖတ်သည့် အလေ့အထကောင်းများရရှိအောင် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မိမိဌာနလုပ်ငန်းနှင့်ဆက်စပ်၍ ကျွဲကူးရေပါဆိုသလို ဆောင်ရွက်ပေးကြရမည့်သူများဖြစ်သည့်အတွက် ပြောင်းလဲနေသည့် ခေတ်စနစ်နှင့်အညီ တွေးခေါ်မြှော်မြင်မှု၊ တီထွင်စမ်းသစ်မှု၊ စီမံခန့်ခွဲမှုတို့ဖြင့် စနစ်တကျဆောင်ရွက်နိုင်စေရန် မိမိဌာန၏ အနာဂတ်ကာလအတွက် ခေါင်းဆောင်လောင်းများအား လေ့ကျင့်ပေးခြင်းဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍ ဟင်္သာတတက္ကသိုလ် မြန်မာစာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာနွဲ့နွဲ့ရီက စာတမ်းဖတ်ကြားမှုနှင့်သက်ဆိုင်သည့် စည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပါသည်။ ထို့နောက် ဟင်္သာတခရိုင်အတွင်းရှိ ခရိုင်ရုံးနှင့် မြို့နယ်ရုံးများမှ ဒုတိယဦးစီးမှူး(စာကြည့်တိုက်တာဝန်ခံများ)က အလှည့်ကျနံပါတ်စဥ်များအားမဲနှိုက်ရာ ပထမဦးစွာ ကြံခင်းမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူးဒေါ်မေသဥ္ဇာနှင်းက “မိမိဘဝမြင့်မားဖို့ စာကြည့်တိုက်ကိုသွားကြစို့” ခေါင်းစဥ်ဖြင့် စတင်ဆွေးနွေးပြီးနောက် သက်ဆိုင်ရာစာတမ်းရှင်များမှ အလှည့်ကျဖတ်ကြားဆွေးနွေးကြရာ အကဲဖြတ်ဒိုင်များနှင့် Zoom Application ဖြင့် တက်ရောက်နားထောင်သူများ၏ မေးမြန်းမှုကို သက်ဆိုင်သူများက ပြန်လည်ဖြေကြားခဲ့ကြသည်။

အဆိုပါစာတမ်းဖတ်ပွဲတွင် အကဲဖြတ်ဒိုင်များအဖြစ် ဟင်္သာတတက္ကသိုလ် မြန်မာစာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာနွဲ့နွဲ့ရီ၊ ဟင်္သာတတက္ကသိုလ်စာကြည့်တိုက်မှ စာကြည့်တိုက်မှူးဒေါ်တင်တင်ထွေး၊ ဟင်္သာတခရိုင်ပြန်/ဆက်မှ (Book Club) အဖွဲ့ဝင်၊ မိခင်နှင့်ကလေးမူကြိုကျောင်းတာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်မော်မော်ဝင်းတို့က စိစစ်အကဲဖြတ်ပေးကြရာ ပထမဆုကို ဇလွန်မြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ဟန်သူဇာဝင်း၊ ဒုတိယဆုကို ဟင်္သာတခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်မေဝင့်ရွှေရည်၊ တတိယဆုကို လေးမျက်နှာမြို့နယ်ရုံးမှ ဒေါ်ညိုညိုဝင်းတို့ကရရှိခဲ့ပြီး အဆိုပါဆုများကို စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဟင်္သာတခရိုင် ပြန်/ဆက်ဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး စာတမ်းဖတ်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ပြန်/ဆက်တိုင်းဦးစီးမှူး ညွှန်ကြားရေးမှူးဒေါ်ယဥ်ဆွေဝင်းနှင့် ဟင်္သာတခရိုင်ရုံးမှ ခရိုင်ဦးစီးမှူးနှင့် အရာထမ်း၊ အမှုထမ်းများ ခရိုင်အတွင်းရှိ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ၊ လေးမျက်နှာ၊ ဇလွန်မြို့နယ်ရုံးများမှ မြို့နယ်ဦးစီးအရာရှိများနှင့် စာတမ်းဖတ်ကြားသည့် ဒုတိယဦးစီးမှူးများ၊ ဝန်ထမ်းများက Zoom Application ဖြင့် တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

ကိုဇော် (ဟင်္သာတ)