ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပခုက္ကူ ဇူလိုင် ၂၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျောင်းသားကျောင်းသူ(လူငယ်)များ စာဖတ်ရှိန်မြင့်မားလာစေရေး၊ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်လာစေရေးရည်ရွယ်၍ ယနေ့နံနက် ၈ နာရီခွဲအချိန်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူးဦးဆန်းလင်းက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်စန်းယုမော်က စကားဝိုင်းကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်စန်းယုမော်က ဦးဆောင်ဆွေးနွေးရာ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ကျောင်းသားမောင်တင်ထွန်းက “လူငယ်နှင့်ယဉ်ကျေးမှု”၊ ကျောင်းသားမောင်မြင့်မြတ်ထွန်းက “လူငယ်နှင့်ကျေးဇူးတရား”၊ ကျောင်းသူမသျှားအိန္ဒြာကျော်က “လူငယ်နှင့်ဦးနှောက်ဖွံ့ဖြိုးရေး”၊ ကျောင်းသူမစန္ဒာစိုးက “လူငယ်နှင့်ပျော်ရွှင်မှု”၊ ကျောင်းသူမအိန့်မြင့်မြတ်ခင်က “လူငယ်နှင့်အချိန်၏တန်ဖိုး”၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၈)မှ မခင်ငြိမ်းသူက “ချစ်သမီးလေးချယ်ရီမေ”၊ မနှင်းမျိုးလှဇော်က “အမျိုးသမီးစွမ်းရည်”၊ မခင်ချိုလွင်က “မျှဝေလိုသောအတွေး”၊ မယုယုနိုင်က “အောင်မြင်မှုပန်းတိုင်”၊ မချိုပြုံးက “မေတ္တာရှင်မလေးပေါ်လီယာနာ” ခေါင်းစဉ်တို့ဖြင့် အသီးသီးပါဝင်ဆွေးနွေးကြသည်။

အဆိုပါအခမ်းအနားတွင် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ပခုက္ကူခရိုင်ဦးစီးမှူး ဦးဆန်းလင်း၊ ပခုက္ကူမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီးဦးစန်းအောင်နှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီးဒေါ်ခင်မိုးမြင့်နှင့် ဆရာမများ၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၈)သင်တန်းသူများတက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက နိုင်ငံတကာအပါအဝင် မြန်မာနိုင်ငံစာရေးဆရာကြီးများ၏ စာပေအဆိုအမိန့်များအသိပညာပေး နံရံကပ်စာစောင်ပြသခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)