ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ပြည်သူ(၅၀၀၀)ကျော် ရေဘေးလွတ်ရာများသို့ ပြောင်းရွေ့နေရာချထားပေး

ဘားအံ ဇူလိုင် ၂၇

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းပြီး သံလွင်မြစ်ရေလျံတက်မှုများကြောင့် စိုးရိမ်ရေအမှတ် (၇၅၀)စင်တီမီတာအထက် ကျော်လွန်ပြီး (၉၀၀) စင်တီမီတာသို့ ရောက်ရှိခဲ့ရာ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် လူနေအိမ်များသို့ ရေဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဘားအံမြို့နယ်အနေဖြင့် သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေအမှတ် ၉၀၀ စင်တီမီတာသို့ ကျော်လွန်ကာရောက်ရှိနေပြီးဖြစ်၍ ပြည်သူများရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေးအတွက်  တပ်မတော်သားများ၊ ခရိုင်၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်သဘာဝဘေးစီမံခန့်ခွဲရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်  လူမှုကူညီရေးအသင်းများက ရေဘေးသင့်အိမ်ထောင်စု(၁၁၃၄)စု၊ အမျိုးသား(၂၅၄၄)ဦး၊ အမျိုးသမီး(၂၇၆၉)ဦး စုစုပေါင်း(၅၃၁၃)ဦးတို့ကို ဇူလိုင်(၂၇)ရက်နေ့ထိ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရာနေရာများဖြစ်သည့် မိုးလုံလေလုံ အားကစားရုံ၊ ကြားတောရဘုန်းကြီးကျောင်း၊ အ-ထ-က(၁)မြကြေးမုံဆောင်၊ ရွှေယဉ်မျှော်ဘုရား၊ အစ္စလာမ်ပရဟိတ ကျောင်း၊ အ-ထ-က(၃) အားကစားခန်းမ၊ အ-ထ-က(ခွဲ-၃)ကျောင်း၊ အ-မ-က(၇)နှင့် ပြည်နယ်ကမ္မဌာန်းကျောင်းနေရာများသို့  ပြောင်းရွေ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)