မြဝတီမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့၍ သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် ပြည်သူ (၄၀၀၀) ကျော် ရေဘေးလွတ်ရာသို့ ပြောင်းရွေ့နေရာချထားပေး

မြဝတီ ဇူလိုင် ၂၇

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး သောင်ရင်းမြစ်ရေလျှံတက်မှုကြောင့် စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာထက် ကျော်လွန်ခဲ့ရာ ဇူလိုင် ၂၅ ရက်နေ့ ညနေပိုင်းမှစတင်ကာ မြေနိမ့်ပိုင်းရပ်ကွက်များနှင့် လူနေအိမ်များသို့ ရေစတင်ဝင်ရောက်လျက်ရှိကြောင်း သိရသည်။

မြဝတီမြို့နယ်အနေဖြင့် သောင်းရင်းမြစ်ရေသည် မြဝတီမြို့၏ စိုးရိမ်ရေအမှတ် ၉၆၃ စင်တီမီတာသို့ကျော်လွန်ကာ ရောက်ရှိနေပြီဖြစ်၍ ပြည်သူများရေဘေးလွတ်ရာသို့ ပြောင်းရွေ့နိုင်ရေးအတွက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးကောင်းစံလင်း၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကော်မတီအဖွဲ့ဝင်များက ရေဘေးသင့်အိမ်ထောင်စု ၁၃၇၀ စု၊ အမျိုးသား ၂၅၃၉ ဦး၊ အမျိုးသမီး ၂၄၄၆ ဦး စုစုပေါင်း ၄၉၈၅ တို့ကို ဇူလိုင် ၂၇ ရက်နေ့အထိ ယာယီကယ်ဆယ်ရေးစခန်း (၁၁)ခုဖြစ်သည့် ဓိဋ္ဌာန်အောင်ဓမ္မာရုံ၊ ကိုးနဝင်းဘုန်းကြီးကျောင်း၊ ကြခတ္တောကျောင်း၊ စနေဆွမ်းလောင်းဓမ္မာရုံ၊ ဓမ္မရံအောင်ဘုန်းကြီးကျောင်း၊ ဇေယျသိဒ္ဓိဓမ္မာရုံ၊ ရေပူတောင်ပေါ်ကျောင်း၊ တောရဘုန်းကြီးကျောင်း၊ မြို့ရိုးဓမ္မာရုံ၊ ဖားခြောက်ကောင်ကျောင်းတိုက်နှင့် ဘုရားလေးကျောင်းတိုက်များသို့ ပြောင်းရွေ့ဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံပညာကျောင်းလေးကျောင်းအား ယာယီပိတ်ထားကြောင်းသိရသည်။

ဇာဖြူဝင်း (မြဝတီ)