ရှမ်းရွာသစ် ဇူလိုင် ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဇူလိုင်လ(၂၅)ရက်နေ့မှစ၍ မိုးများသည်းထန်စွာ ရွာသွန်းလျက်ရှိပြီး တောင်ကျရေများတိုက်စားမှုကြောင့် ရှမ်းရွာသစ်မြို့နှင့် မဲကတောခီးကျေးရွာကို ဆက်သွယ်ထားသည့် တံတားတစ်စင်းချဉ်းကပ်လမ်း ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါတံတားသည် မဲသမူးကျေးရွာအုပ်စု၊ မဲကတောခီးကျေးရွာရှိ အရှည်(၃၀)ပေ၊ အကျယ်(၁၂)ပေ၊ အမြင့်(၁၅)ပေရှိသော သံခင်းသံကာကွန်ကရစ်အမျိုးအစားဖြစ်ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း(၁၅၀)ခန့်ရှိရာ မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများတိုက်စားပြီး အကျယ်(၂၀)ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်း၊ အဆိုပါချဉ်းကပ်လမ်းပျက်စီးမှုကြောင့် ကျေးရွာနေဒေသနေပြည်သူများ လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိနေကြောင်းနှင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ယမန်နေ့က မိုးရေချိန်လက်မ(၁၅.၇၅)အထိ မိုးများသည်းထန်စွာရွာသွန်းခဲ့သော်လည်း တောင်ပေါ်ဒေသဖြစ်သည့်အတွက် လူနေအိမ်များရေကြီးနစ်မြုပ်မှုမရှိကြောင်း၊ ရေဘေးအန္တရာယ်ကျရောက်ပါက လိုအပ်သည်များဆောင်ရွက်ရန်အတွက် ကော်မတီအဖွဲ့များဖွဲ့စည်းထားပြီး ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)