ကမမောင်းမြို့တွင် ရေဘေးသင့်ပြည်သူများအတွက် ရေဘေးကယ်ဆယ်ရေးစခန်း(၅)ခု ဖွင့်လှစ်ရန်လျာထား

ကမမောင်း ဇူလိုင် ၂၇

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုများကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေများဝင်ရောက်မှုအခြေအနေကို ခရိုင်/မြို့နယ်/မြို့အဆင့် တာဝန်ရှိသူများက ယမန်နေ့မွန်းတည့်(၁၂)နာရီအချိန်၌ လိုက်လံကြည့်ရှု့ခဲ့ကြောင်း သိရှိရသည်။

ထို့သို့ လိုက်လံကြည့်ရှုရာတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဦးတင့်ဇော်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးအေးမင်း၊ မြို့အုပ်ချုပ်ရေးမှူးဦးသန့်ဇင်ဦး၊ မြို့အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်နေပြည်သူများ၏ ဘေးကင်းလုံခြုံမှုရှိ/မရှိအခြေအနေကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

​ကမမောင်းမြို့၌ သံလွင်မြစ်ရေသည် ယနေ့မွန်းလွဲ(၂)နာရီအချိန်က တိုင်းထွာချက်အရ ကမမောင်းမြို့၏ စိုးရိမ်ရေအမှတ် ၇၂၀ စင်တီမီတာအောက် ၆၆၀ စင်တီမီတာသို့ ရောက်ရှိနေပြီး ရေဘေးအန္တရာယ်များကျရောက်လာပါက တာဝန်ရှိသူများအား အချိန်နှင့်တစ်ပြေးညီဆက်သွယ်၍ အကူအညီတောင်းခံနိုင်ပါကြောင်းနှင့် ရေဘေးသင့်ပြည်သူများ နေထိုင်ရန်အတွက် ရေဘေးကယ်ဆယ်ရေးစခန်း (၅)ခုဖွင့်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။

ကမမောင်း(ပြန်/ဆက်)