လှိုင်းဘွဲမြို့နယ်၌ တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ ဆန်းစစ်စီမံခြင်းအစီအစဉ် ဆောင်ရွက်

လှိုင်းဘွဲ ဇူလိုင် ၂၇

တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ကရင်ပြည်နယ် ညွန်ကြားရေးမှူးရုံးမှ ဦးဆောင်၍ လှိုင်းဘွဲမြို့နယ်၊ ကမော့ချူးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ တိုင်းရင်းသားရေးရာ အသိပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ ဆန်းစစ်စီမံခြင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ပြုလုပ်ကျင်းပခဲ့သည်။

ရှေးဦးစွာ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက တိုင်းရင်းသားရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ၊ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ဥပဒေများ၊ ရှေ့လုပ်ငန်းစဉ်များ၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ ဆန်းစစ်စီမံခြင်း၊ စစ်တမ်းလွှာများ ဖြည့်စွက်စေမှု အစီအစဉ်များကို ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစောသော်တာလင်းသန့်က လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးရေး  လူငယ်ရေးရာ အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး  ဦးစိုင်းရန်နောင်က ကျားမအခြေပြု အကြမ်းဖက်မှု (GBV) သိမှတ်စရာအကြောင်းများ၊ ဘားအံခရိုင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်စိုးသူက ပလတ်စတစ် ညစ်ညမ်းမှုအန္တရာယ်များအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ရုံးမှ ညွှန်ကြားရေးမှူးဦးကျော်စိုးက ကျောင်းသား၊ ကျောင်းသူများအား တိုင်းရင်းသားရေးရာ သိမှတ်စရာအကြောင်း အထွေထွေဗဟုသုတများအကြောင်း မေးမြန်းခဲ့ပြီး ဖြေဆိုနိုင်ကြသော ကျောင်းသား၊ ကျောင်းသူများအား ဗလာစာအုပ်နှင့် ဘောပင်များကို ဆုချီးမြှင့်ပေးခဲ့ပြီး၊ ကျောင်းအုပ်ဆရာမကြီးအား တိုင်းရင်းသားရိုးရာ အသိပညာပေး ရုပ်ပြစာအုပ်များကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)