လှိုင်းဘွဲမြို့နယ်၌ မိုးသည်းတန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် အာရှကားလမ်းမပေါ်ရှိတံတား (၂) စင်း ပြိုကျပျက်စီး

လှိုင်းဘွဲ ဇူလိုင် ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ပိုင်ကျုံမြို့၊ ကြက်တူရွေးကျေးရွာအုပ်စု ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ် (တံတားကျိုး) အာရှကားလမ်းမကြီးပေါ်ရှိ ဘုရားကုန်းကျေးရွာအနီး တံတားအမှတ် (၃/၂၂)၊ အရှည် (၂၀) ပေ၊ အကျယ် (၃၀) ပေ၊ အမြင့် (၁၀) ပေရှိသော သံကူကွန်ကရစ်တံတား (၁) စင်းနှင့် ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး) အာရှကားလမ်းမကြီးပေါ်ရှိ ကြက်တူရွေးကျေးရွာအုပ်စု၊ ကွန်းစုကျေးရွာ နှင့် ကော့ကျားမကော်ကျေးရွာအကြား တံတားအမှတ် (၁/၂၃)၊ အရှည် (၁၀) ပေ၊ အကျယ် (၃၀ပေ)၊ အမြင့် (၁၀) ပေရှိသော သံကူကွန်ကရစ် တံတား (၁) စင်း၊ စုစုပေါင်း တံတား (၂) စင်းတို့မှာ တောင်ကျရေတိုက်စားမှုတို့ကြောင့် ဇူလိုင်လ (၂၅) ရက်နေ့ ည (၇) နာရီခွဲအချိန်က ပြိုကျပျက်စီးသွားခဲ့ကြောင်း သိရသည်။

အဆိုပါတံတား (၂) စင်း ပြိုကျမှုတို့ကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် လှိုင်းဘွဲမြို့၌ ယမန်နေ့က  မိုးရေချိန် (၅ ဒဿမ ၉၁) လက်မ၊ ရှမ်းရွာသစ်မြို့၌ (၁၅ ဒဿမ ၇၅) လက်မအထိ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် လှိုင်းဘွဲချောင်းရေ၏ စိုးရိမ်ရေအမှတ် (၉၈၀) စင်တီမီတာအထက် (၁၀၄၄) စင်တီမီတာသို့ရောက်ရှိခဲ့သဖြင့် လှိုင်းဘွဲမြို့လယ်ရှိ လမ်းများမှာ ရေအနက် (၃) ပေကျော်အထိ ချောင်းရေ ဝင်ရောက်ခဲ့သည့်အတွက် မော်တော်ယာဉ်ငယ်များနှင့် လူများသွားလာရခက်ခဲလျက်ရှိကြောင်း သိရှိရသည်။

လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒေါနတောင်တန်းနှင့် ဆက်စပ်လျက်ရှိသောတောင်တန်းများပေါ်၌ မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းချိန်များ၌ တောင်ကျရေစီးဆင်းမှုဖြစ်ပွားရာတွင် လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရှမ်းရွာသစ်မြို့လေးမှာ မြေမျက်နှာပြင် အမြင့်ပိုင်းတွင်တည်ရှိသဖြင့် ရေကြီးရေလျှံမှုဒဏ်ကို မခံစားကြရကြောင်း၊ လှိုင်းဘွဲမြို့နှင့် ပိုင်ကျုံမြို့တို့မှာ မြေနိမ့်ပိုင်းဒေသတွင် တည်ရှိသည့်အတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအများစုမှာ ရေကြီး၊ ရေလျှံမှုအန္တရာယ်များကို နှစ်စဉ်နီးပါး ကြုံတွေ့ခံစားနေကြရကြောင်း ဒေသနေပြည်သူများက ရှင်းပြပေးခဲ့သည်။

မြို့နယ်(ပြန်/ဆက်)