မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများက ယာယီရေဘေးရှောင်စခန်းများရှိ ပြည်သူများအားသွားရောက်ထောက်ပံ့

မိုးညို ဇူလိုင် ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့တို့မှတာဝန်ရှိသူများသည် ယမန်နေ့နံနက် ၁၀ နာရီက ကျေးရွာယာယီရေဘေးရှောင်စခန်းများရှိ ပြည်သူများသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ယာယီရေဘေးရှောင်စခန်းဖွင့်လှစ်ထားရှိသည့် ရွှေခဲကျေးရွာ စာသင်ကျောင်းနှင့် ထိန်တောကျေးရွာ ဘုန်းတော်ကြီးကျောင်းတိုက်တို့ရှိ ရေဘေးရှာင်ပြည်သူများအတွက် ဆန်(၄)အိတ်၊ ဆီ(၁၀)ပိဿာ၊ ကြက်ဥ(၁၈၀)လုံး၊ ခေါက်ဆွဲခြောက်(၂)ဖာနှင့် မုန့်မျိုးစုံ(၄)ပါကင်အားလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သည့် ရွှေခဲကျေးရွာရှိ ကမ်းပြိုပြောင်းရွှေ့နေအိမ်(၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၈၀၀၀၀၀/-)ကျပ်၊  အိမ်ထောင်စု(၈)စု၊ လူဦးရေ(၃၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး(၇၅၆၀၀/-)ကျပ်၊ ရေဝင်ပြောင်းရွှေ့အိမ်ထောင်စု(၁၈)စု၊ လူဦးရေ(၃၇)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး(၇၇၇၀၀/-)ကျပ်၊ စုစုပေါင်း(၉၅၃၃၀၀/-)ကျပ်အားလည်းကောင်း၊ ထိန်တောကျေးရွာ ရေဘေးရှောင်စခန်းရှိ ရေဝင်ပြောင်းရွှေ့‌အိမ်ထောင်စု(၂၁)စု၊ လူဦးရေ(၇၁)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး(၁၄၉၁၀၀/-)ကျပ်တို့အားလည်းကောင်း ပြည်သူလက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ‌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ယာယီရေဘေးရှောင်စခန်းများတွင်နေထိုင်သည့်ပြည်သူများ ကျန်းမာရေးကောင်းမွန်စေရေးအတွက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကိုမင်း(ပြန်/ဆက်)