ပွင့်ဖြူ ဇူလိုင် ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် လက်ခုပ်ကျေးရွာ၌ ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချနိုင်ရန်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများဖော်ဆောင်နိုင်ရေး စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် လုပ်ငန်းအဖွဲ့ဝင်များရွေးချယ်ဖွဲ့စည်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးလှဌေးမောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်များ၊ ဆောင်ရွက်မည့်လုပ်ငန်းအမျိုးအစားများနှင့် အကျိုးကျေးဇူးများ ၊ စီမံကိန်းလုပ်ငန်း ဖော်ဆောင်ရန်အတွက် သင်တန်းပို့ချပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းလက်စွဲစာစောင်ပါ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၏ တာဝန်ဝတ္တရားများနှင့် အကျိုးခံစားခွင့်များ၊ ရန်ပုံငွေထုတ်ချေးရာ၌ အကျုံးဝင်သော လုပ်ငန်းအမျိုးအစားများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက တက်ရောက်လာသည့် ကျေးရွာသူ၊ ကျေးရွာသားများ၏ သဘောဆန္ဒနှင့်အညီ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်(၇)ဦးကို အတည်ပြုရွေးချယ်ဖွဲ့စည်းပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာအုပ်စု၊ လပ်ခုပ်ကျေးရွာ၌ ယခုဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် သိန်း ၃၀၀ ဖြင့် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်း၊ အခြားသောအသက်မွေးဝမ်းကျောင်းလုပ်ငန်းများနှင့် အသေးစားစီးပွားရေးလုပ်ငန်းများကို ကျေးရွာနေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးညီညီဦးက ပြောသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )