ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၂) ဆင်းပွဲအခမ်းအနား ကျင်းပ

ပုသိမ် ဇူလိုင် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေပိုင်း၌ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းအမှတ်စဉ် (၂) သင်တန်းဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဒေါ်ခင်ခင်နွယ်က တိုင်းဒေသကြီးအစိုးအရအဖွဲ့မှ ကြီးမှူး၍ တိုင်းဒေသကြီးဥပဒေချုပ်ရုံးက ကျင်းပပြုလုပ်သည့် အသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဥ်(၂) ကို ဇူလိုင်လ (၂၂) ရက်နေ့မှ (၂၆) ရက်နေ့အထိ (၅) ရက်ကြာ သင်ကြား ပို့ချပေးခဲ့ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံးနှင့် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်းသင်တန်းသား (၅၉) ဦးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)၊ ရာဇသတ်ကြီး၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးအက်ဥပဒေ၊ အများနှင့်သက်ဆိုင်သော ပစ္စည်းများကာကွယ် စောင့်ရှောက်ရေးဥပဒေ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ၊ လောင်းကစားဥပဒေ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၊ စီးပွားရေး စာချုပ်စာတမ်းများဆိုင်ရာအသိပညာ၊ နိုင်ငံ့ဝန်ထမ်းဥပဒေတို့နှင့်စပ်လျဉ်း၍ ဥပဒေအရာရှိ (၉) ဦးက သင်ကြားပို့ချပေးခဲ့ကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဒေါ်ခင်ခင်နွယ်မှ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ဥမ္မာခင်မှ သင်တန်းဆရာဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

ကျော်ဟိန်း(ပြန်/ဆက်)