တောင်ငူ ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တောင်ငူမြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌဦးဉာဏ်လင်းအောင် (မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ)က ကလေးသူငယ်များ၏ ပညာသင်ကြားခွင့် အခွင့်အရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ထို့နောက် တောင်ငူမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်နီနီရွှေက အခြေခံပညာကျောင်းများတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ထားရှိမှု၊ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးသူငယ်အလုပ်သမားဖယ်ရှားရှင်းလင်းရေးနှင့် ပြန်လည်ကုစားရေးဆိုင်ရာ အသိပညာပေးဆောင်ရွက်ခဲ့မှု၊ သက်ငယ်မုဒိမ်းကျူးလွန်ခဲ့သော ကလေးသူငယ်အား အကျင့်စရိတ္တပြုပြင်ရေးအတွက် သက်ဆိုင်ရာတရားရုံးသို့ အကြောင်းကြားထားရှိမှု၊ ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများအား ကလေးသူငယ်ဥပဒေအသိပညာပေး ဆောင်ရွက်ထားမှု၊ ကလေးအလုပ်သမားဖယ်ရှားရေးနှင့် သက်ငယ်မုဒိမ်းများ ဖြစ်ပွားမှုနည်းအောင် အသိပညာပေးအစီအစဥ်များ ဆောင်ရွက်ထားရှိမှု၊ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သောကလေးများအား လူမှုဝန်ထမ်းဦးစီးဌာန၊ သင်တန်းကျောင်းတွင် လက်ခံစောင့်ရှောက်နိုင်ရေးဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းစဥ်များအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် တောင်ငူမြို့နယ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဝင်များက ဆွေးနွေးတင်ပြကြပြီး ဥက္ကဋ္ဌဦးဉာဏ်လင်းအောင်က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ဇော်ကိုကို (တောင်ငူ)