တောင်ငူ ဇူလိုင် ၂၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ခရိုင်အဆင့်မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော် (ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ)က အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လမ်းညွှန်အမှာစကားပြောကြားပြီး တောင်ငူမြို့နယ်၊ ရေတာရှည်မြို့နယ်၊ အုတ်တွင်းမြို့နယ်နှင့် ဖြူးမြို့နယ်တို့မှ သဘင်ဥက္ကဋ္ဌများက ပြိုင်ပွဲဝင်မည့်သူများ၏ စာရင်းနှင့်လိုအပ်ချက်များကို တင်ပြသည်။
ထို့နောက် တောင်ငူခရိုင်အတွင်းရှိ မြို့နယ်(၅)မြို့နယ်မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ပြိုင်ပွဲနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြပြီး ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီဝင်များက ပြိုင်ပွဲကျင်းပမည့်နေရာ၊ နေ့ရက်နှင့် အချိန်၊ အခမ်းအနားပြင်ဆင်ရေးနှင့် ဆပ်ကော်မတီအလိုက်ဆောင်ရွက်မည့် လုပ်ငန်းတာဝန်များကို ပေါင်းစပ်ညှိနှိုင်းကြသည်။
၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ခရိုင်အဆင့်မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို တောင်ငူမြို့၊ ခပေါင်းခန်းမ၌ သြဂုတ် ၁၄ ရက်နေ့တွင်ကျင်းပသွားမည်ဖြစ်ပြီး အဆို(အခြေခံ ၁၀-၁၅၊ အဆင့်မြင့်ပညာ၊ ဝါသနာရှင်ဒုတိယ၊ အခြေခံ ၁၅-၂၀)တွင် ဝင်ရောက်ယှဥ်ပြိုင်မည့်သူ(၁၈)ဦး၊ အက(အခြေခံ ၁၀-၁၅၊ အဆင့်မြင့်ပညာ၊ ဝါသနာရှင်ဒုတိယ၊ ကဗျာလွတ်)တွင် ဝင်ရောက်ယှဥ်ပြိုင်မည့်သူ (၄၀)ဦး၊ အတီး(အခြေခံ ၁၀-၁၅၊ အခြေခံ ၁၅-၂၀၊ ဝါသနာရှင်ပထမ၊ ဝါသနာရှင်ဒုတိယ၊ အဆင့်မြင့်ပညာ)တွင် ဝင်ရောက်ယှဥ်ပြိုင်မည့်သူ(၂၆)ဦး၊ စုစုပေါင်း (၈၄)ဦး ရှိကြောင်းသိရသည်။
ဇော်ကိုကို (တောင်ငူ)