ကန်ကြီးထောင့်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဒါးက မြစ်ရေမြင့်တက်မှုကြောင့် မိုးစပါး စိုက်ဧကများ ရေကြီးနစ်မြုပ်မှုဖြစ်ပွား

ကန်ကြီးထောင့် ဇူလိုင် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးက မြစ်ရေမြင့်တက်မှုကြောင့် မိုးစပါး စိုက်ဧကများ ရေကြီးနစ်မြုပ်မှုဖြစ်ပွားလျက်ရှိရာ ဇူလိုင်လ (၂၆) ရက်နေ့ နံနက်(၈)နာရီ အချိန်ခန့်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊ မြို့နယ်မြေစာရင်း ဦးစီးမှူး ဦးသန်းဇော်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်စိုးနှင့်တာဝန်ရှိသူများက သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။

ထိုသို့ သွားရောက်ကွင်းဆင်းစစ်ဆေးရာတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက် မှုတို့ကြောင့် မြို့နယ်အတွင်းရှိ ဆပ်ကွင်းကျေးရွာအုပ်စု၊ ကညွှတ်ကုန်းကျေးရွာအုပ်စု၊ ကွမ်းသီးပင်ဆိပ် ကျေးရွာအုပ်စု၊ ကျွန်းလျားရှည်ကျေးရွာအုပ်စု၊ ကွင်းယားအနောက်ကျေးရွာအုပ်စု၊ ဒါးကကျေးရွာအုပ်စုနှင့် ဘုရားချောင်းကျေးရွာအုပ်စု စုစုပေါင်း ကျေးရွာအုပ်စု(၇)အုပ်စုရှိ ကွင်းပေါင်း (၁၇)ကွင်း၊ ဦးပိုင်ပေါင်း (၂၂၁)၊ တောင်သူပေါင်း (၂၀၁)ဦး၊ ဧရိယာပေါင်း (၁၂၂၇)ဧကတွင် စိုက်ပျိုးထားရှိသော မိုးစပါး စိုက်ဧကများ ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်းနှင့် အဆိုပါစိုက်ဧကများမှာ အမှန်တကယ် ရေကြီးနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)