ဒေးဒရဲ ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ သံဒိဇီးဖြူကုန်းကျေးရွာအုပ်စုရှိ၊ အကယ်ချောင်းဝကျေးရွာတွင် ယနေ့နံနက်(၇)နာရီကျော်ခန့်က မိုးသည်းလေထန်ခြင်းကြောင့် ဦးခင်မောင်လွင် ပိုင်ဆိုင်သော အလျား(၂၀)ပေ၊ အနံ(၁၂)ပေရှိ သွပ်မိုး၊ ပျဥ်ကာ၊ ပျဉ်ခင်းနေအိမ်ပြိုကျပျက်စီးခြင်း၊ ဒေါ်ညိုညိုစန်း ပိုင်ဆိုင်သော အလျား (၂၄) ပေ၊ အနံ (၁၂) ပေရှိ သွပ်မိုး၊ ပျဥ်ကာ၊ ပျဥ်ခင်း၊ အမိုးလန် ပျက်စီးခြင်းနှင့် ဒေါ်တင်မိုး ပိုင်ဆိုင်သော အလျား(၁၅)ပေ၊ အနံ(၁၅)ပေရှိ ဓနိမိုး၊ ဝါးထရံကပ်၊ ဝါးခင်းနေအိမ်သည် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခြင်းတို့ ဖြစ်ပွားခဲ့သည်။
ထို့အတူ သုံးဒါတ်ကျေးရွာအုပ်စု၊ အကယ်ချောင်းဝကျေးရွာရှိ ဦးစိုးကြီးပိုင်ဆိုင်သည့် အလျား(၁၅)ပေ၊ အနံ(၁၅)ပေရှိ ဓနိမိုး၊ ဝါးထရံကာ၊ ဝါးခင်းနေအိမ်နှင့် ကွင်းပုန်းကျေးရွာရှိ ဦးကြည်သိန်း ပိုင်ဆိုင်သည့် အလျား (၁၅) ပေ၊ အနံ (၁၅)ပေရှိ သွပ်မိုး၊ ဝါးထရံကာ၊ ပျဥ်ခင်း၊ ပြိုကျပျက်စီးခြင်း၊ ဦးအောင်ကိုသူ ပိုင်ဆိုင်သည့် အလျား (၁၅)ပေ၊ အနံ (၁၅)ပေရှိ ဓနိမိုး၊ ဝါထရံကာ၊ ဝါးခင်းနေအိမ်ဘေးတစ်ပိုင်း ပြိုကျပျက်စီးခြင်းနှင့် သုံးဒါတ်ကျေးရွာအုပ်စု၊ တံတားချောင်ကျေးရွာနေ ဦးကျော်ဦး အလျား(၁၅)ပေ၊ အနံ (၁၅)ပေရှိ ဓနိမိုး၊ ဝါးထရံကာ၊ ပျဥ်ခင်း ပြိုကျပျက်စီးခြင်း၊ အကယ်ချောင်းဝကျေးရွာရှိ ဓာတ်တိုင် (၂)တိုင် လဲကျ ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်များကြောင့် လူနှင့်တိရိစ္ဆာန်တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်းနှင့် နေအိမ်ပြိုကျ ပျက်စီးခဲ့သည့် အိမ်ထောင်စုဝင်များအား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက နီးစပ်ရာ ဆွေမျိုးများထံသို့ ခေတ္တပို့ဆောင်ထားကြောင်းနှင့် ပျက်စီးသွားသော အိမ်ထောင်စုများအား ကူညီထောက်ပံ့နိုင်ရေး ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)