ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေ ကျဆင်းသွားပြီဖြစ်၍ ယာယီပိတ်ထားရသည့် စာသင်ကျောင်းအချို့ ပြန်လည်ဖွင့်လှစ်

ပွင့်ဖြူ ဇူလိုင် ၂၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ရေဝင်ရောက်ခဲ့သည့် စာသင်ကျောင်း (၃၀) အား ယာယီပိတ်ထားခဲ့ရကြောင်း သိရကာ ယနေ့နံနက်ပိုင်းက မြစ်ရေပြန်လည်ကျဆင်းသွားသဖြင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းအချို့ကို ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာ အခြေခံပညာမူလတန်းကျောင်းနှင့် မှရိုးကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတို့ကို ပြန်လည်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများအား ပညာသင်ကြားပေးလျက်ရှိကြောင်းနှင့် မြစ်ရေဝင်ရောက်ခဲ့စဉ်က ယာယီပိတ်ထားရသော နေ့ရက်များကိုလည်း ကျောင်းသားကျောင်းသူများအတွက် ကျောင်းသင်ခန်းစာ နောက်မကျစေရန် တနင်္ဂနွေနေ့ ကျောင်းပိတ်ရက်များတွင် အစားထိုးဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းခိုင် ထံက သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်ခဲ့မှုကြောင့် ရေဝင်ရောက်ခဲ့သော စာသင်ကျောင်း (၃၀) ကို ယာယီပိတ်ထားခဲ့ရပြီး ယခုအခါ ဧရာဝတီမြစ်ရေ တစ်ဖြည်းဖြည်းကျဆင်းလာသည့်အတွက် ယာယီပိတ်ထားရသော စာသင်ကျောင်းများအနက် ဇူလိုင် ၂၅ ရက်နေ့မှ ယနေ့အထိ အခြေခံပညာစာသင်ကျောင်း (၃) ကျောင်းကို ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )