ကြံခင်း ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနနှင့်ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ အနာဂတ်၏မျိုးဆက်သစ်လူငယ်များ ဗဟုသုတတိုးပွားလာစေရေးနှင့် ဥာဏ်ရည်ဥာဏ်သွေးထက်မြတ်လာစေရန်ရည်ရွယ်ပြီး ယမန်နေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် အ.မ.က (ကဇင်းကြီး) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများဖြင့် ကဗျာရွတ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာကြံခင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှရုပ်သံကျွမ်းကျင်-၃ ဒေါ်မိုးမိုးစန်းက ပြိုင်းပွဲကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကဗျာရွတ်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၂၅ ဦးဖြင့်လည်းကောင်း၊ စကားပုံဆက်ပြိုင်ပွဲကို ၁၅ ဦးမှ လည်းကောင်း အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ အဆိုပါပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူ များက အမှတ်တရဆုများချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာများကို ကျောင်းသား၊ ကျောင်းသူ ၂၅ ဦးက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း(ပြန်/ဆက်)