မင်းဘူး ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်အစိုးရမှ ပေးပို့လှူဒါန်းသည့် သုတ၊ ရသစာအုပ်စာစောင်များ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော် မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များသာမက ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် စာကြည့်တိုက်လုပ်ငန်းများ လည်ပတ်ဆောင်ရွက်နိုင်ရေး သုတ၊ ရသ စာအုပ်စာစောင်များ လှူဒါန်းပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် နိုင်ငံတော်အစိုးရမှ ပေးပို့လှူဒါန်းသည့် စာအုပ်စာစောင်များကို ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာကြည့်တိုက်တာဝန်ခံများထံ လွှဲပြောင်းပေးအပ်လှူဒါန်း ခဲ့သည်။
ထိုသို့လှူဒါန်းရာတွင် နိုင်ငံတော်အစိုးရမှ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မင်းဘူး(စကု)မြို့နယ်အတွင်းရှိ စံညီစာကြည့်တိုက်များဖြစ်သော ကြီးပင်ကန် ကျေးရွာမှ ပညိန္ဒြေစာကြည့်တိုက်၊ စကုမြို့မှ ပညာဘဏ်စာကြည့်တိုက်၊ ကုန်းသာကျေးရွာမှ ဘဝအလင်းရောင်စာကြည့်တိုက်၊ မင်းဘူးမြို့မှ မင်းပူးဦးဩဘာသစာကြည့်တိုက်၊ ပက်ပယ်ကျေးရွာမှ သုတရောင်ချည်စာကြည့်တိုက်နှင့် ရေပေါ်လေးကျေးရွာမှ အောင်ရတနာစာကြည့်တိုက် တို့အတွက် လူထုသိပ္ပံကကျမ်းအတွဲ ၁၊ ၂၊ ၃၊ ၄၊ ၅ နှင့် သုတ၊ ရသ စာအုပ်စာဆောင်များကို ပေးအပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ် (၅) မြို့နယ်၌ စံညီစာကြည့်တိုက်ပေါင်း ၂၈ တိုက်ရှိပြီး ကျန်ရှိသည့်စာကြည့်တိုက်များကိုလည်း ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
မောင်မောင် (မင်းဘူး)