ကြံခင်း ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ မီးဘေးသင့်ဘုန်းတော်ကြီးကျောင်းနှင့် ယာယီရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေနှင့် ကာဘော်လစ်ဆပ်ပြာတောင့်များပေးအပ်ပွဲကို ယမန်နေ့နက်ပိုင်းကကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းအဖွဲ့များတက်ရောက်သည်။
ဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုထောက်ပံ့ငွေနှင့်ဆပ်ပြာတောင့်များမှာ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးဌာနမှူးရုံးမှထောက်ပံ့သည့်အတွက် ပြန်လည်ထပ်ဆင့်ထောက်ပံ့ပေးရခြင်းဖြစ်ပါကြောင်း၊ သဘာဝဘေးထဲတွင် မီးဘေးဟာလည်းအလွန်ကြောက်ဖို့ကောင်းသဖြင့် မီးသတိရှိဖို့နဲ့ လျှပ်စစ်မှ ဝါယာကြိုးရှော့အန္တရာယ်ကိုလည်း သတိရှိရမှာဖြစ်ပါကြောင်း၊ မိုးတွင်းကာလဖြစ်တာနှင့်အညီ မုန်တိုင်းကြောင့် မိုးကြီးခြင်း၊ ချောင်းရေကြီးခြင်း ရေလျှံခြင်းများကို ဂရုပြုနေထိုင်ကြရန် ဖြစ်ပေါ် လာပါက သက်ဆိုင်ရာဌာနများနှင့် အမြန်ဆုံးချိတ်ဆက်ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မီးဘေးသင့် ရှောက်ခုံဘုန်းတော်ကြီး ကျောင်းအတွက် ထောက်ပံ့ငွေကျပ်သုံးသိန်းကို ပေးအပ်ရာ အုပ်ချုပ်ရေးမှူးနှင့် ကျောင်းအကျိုးတော် ဆောင်မှ လက်ခံရယူပြီး၊ ယာယီရေးဘေးရှောင်ပြည်သူ ၉၀၅ ဦး၊ အိမ်ထောင်စု ၂၇၃ စုအား တစ်ဦးလျှင် ၂၁၀၀ နှုန်းဖြင့် ၁၉၀၀၅၀၀/- ကိုလည်းကောင်း၊ အိမ်ထောင်စု ၂၇၃ စုအတွက် ကာဘော်လစ်ဆပ်ပြာ တစ်အိမ်ထောင် တစ်တောင့်နှုန်းဖြင့် ၂၇၃ တောင့် အားလည်း ကောင်း တာဝန်ရှိသူများပေးအပ်ကြရာ စခန်းတာဝန်ခံ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက အသီးသီးလက်ခံ ရယူကြသည်။
ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအတူ မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် ချောင်းရေမြှင့်တက်လာသည့်အတွက် ကြံခင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ ရေဘေး အန္တရာယ်ကျရောက်မှု ရှိ/မရှိ၊ ကိုးအင်းတံတား၊ ဘက်ရဲနှင့်ကြက်သျှာစွန်း ဆက်သွယ်ထားသော တံတားအခြေအနေခိုင်ခံမှု ရှိ/မရှိတို့အားလည်းကောင်း၊ ခေတ္တဘက်ရဲမြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးတို့မှ ရေစီးနှင့်မျှောပါလာသည့် အမှိုက်များ ပူးပေါင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ဖြိုးဝေလင်း(ပြန်/ဆက်)