ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံ ပင်မရေပိုလွှဲမှ ၀.၉ ပေရေစတင်ကျော်သောကြောင့် အစိမ်းရောင်အလံလွှင့်ထူ၍ အသိပေးနှိုးဆော်ထား

ငဖဲ ဇူလိုင် ၂၆

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံတွင် ယနေ့နံနက် ၁၀နာရီအချိန်တိုင်းတာချက်အရ တမံအမြင့် ပေ ၆၄၀ ၊ ဆည်ရေပြည့်အမှတ် ၆၂၅ ပေ ရှိရာမှ ၆၂၅.၉ ပေ သို့ ရောက်ရှိပြီး ပင်မရေပိုလွှဲမှ ၀.၉ ပေအမြင့်အဖြစ် စတင်ရေကျော်လျက်ရှိ၍ အရေးပေါ်အခြေအနေကြိုတင် စီမံခန့်ခွဲမှုစီမံချက်အရ ပြည်သူများသိရှိနိုင်ရန် အစိမ်းရောင်အလံလွှင့်ထူထားရှိကြောင်း ငဖဲမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ယခုလက်ရှိတွင် မန်းချောင်းရေလှောင်တမံအတွင်း ရေပြည့်မှတ်ကျော်လွန်၍ ရေပိုလွှဲမှ ရေကျော်ကျမှုများရှိနေ၍ မြို့နယ်အတွင်းရှိပြည်သူများသိရှိနိုင်ရန်အရေးပေါ်အခြေအနေကြိုတင် စီမံခန့်ခွဲမှုအဆင့် (၁) အဖြစ် သတ်မှတ်ပြီး တမံရေပိုလွှဲ၊ရေထုတ်ပြွန်နှင့် ရှင်းလင်းဆောင်နေရာများတွင် လည်းကောင်း၊ မန်းချောင်း တမံဆည်ရေသောက်ဧရိယာအတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများတွင်လည်းကောင်း အစိမ်းရောင်အလံလွှင့်ထူထားရှိပြီး တမံအခြေအနေများနှင့်ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေရှိ၊ မရှိ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်သွားမည်ဖြစ်သည်။

ငဖဲမြို့နယ် မန်းချောင်းရေလှောင်တမံတွင် ဇူလိုင်လ စတုတ္ထပတ်အတွင်း မိုးရေချိန် ၀.၉၀ လက်မရွာသွန်းခဲ့သည့်အတွက် ဆည်အတွင်းတောင်ကျချောင်းရေနှင့် မိုးရေများအဆက်မပြတ် ဝင်ရောက်မှုတို့ကြောင့် ရေပိုလွှဲမှ ရေကျော်ကျခြင်းဖြစ်ကြောင်း၊ တမံ၊ ရေထုတ်ပြွန်နှင့် ဆက်စပ်အဆောက်အဦများအားလုံး ကြံ့ခိုင် ကောင်းမွန်ကြောင်းနှင့် ၂၄ နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ်ကြီးကြပ်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)