အုတ်တွင်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်

အုတ်တွင်း ဇူလိုင် ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း၊ ပြုစု၊ ထိန်းသိမ်းရေး အသိပညာပေးဟောပြောခြင်းနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက် (၈) နာရီခွဲအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကြက်သွန်ခင်း-၂ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောရာတွင် အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းသန်းထိုက်က သစ်တောပြုန်းတီးခြင်းကိုဖြစ်ပေါ်စေသည့် အကြောင်းအရင်းများ၊ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် သဘာဝဘေးအန္တရာယ်များ၊ ရာသီဥတုပြောင်းလဲမှုများကြောင့် သစ်တောဂေဟစနစ်များ ပျက်စီးခြင်းများ၊ သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများအား ရှင်းလင်းဟောပြောခဲ့ပြီး၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကြက်သွန်ခင်း-၂မှ ကျောင်း အုပ်ဆရာမကြီး ဒေါ်စပါယ်အေးက အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ အုတ်တွင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးသိန်းသန်းထိုက်နှင့် ဝန်ထမ်းများက ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးနှင့် ဂေဟစနစ်များ ထိန်းညှိစေရေး၊ သစ်ပင်စိုက်ပျိုးသည့် အလေ့အကျင့်များ ရရှိစေရေးအတွက်ရည်ရွယ်၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို သစ်ပင်စိုက်ပျိုးခြင်းအား လက်တွေ့သရုပ်ပြသခြင်းနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးရာတွင် ကံ့ကော် (၁၅)ပင်၊ ခရေ (၂၀)ပင်၊ စိန်ပန်းကြီး (၅၀)ပင်၊ ပျဥ်းမပင် (၄၀)၊ စုစုပေါင်း ပျိုးပင် (၁၂၅)ပင် စိုက်ပျိုးခဲ့ကြကြောင်းနှင့် အသိပညာပေးဟော​ပြောခြင်းနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းသို့​ အုတ်တွင်းမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)