ပခုက္ကူ ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်က အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လက်ရက်ကန်းဒီဇိုင်းတီထွင်ဆန်းသစ်မှု နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်သန္တာယုက နိုင်ငံတော်အစိုးရ၏ရည်မှန်းချက်လုပ်ငန်းတစ်ခုဖြစ်သည့် အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်းများ ပိုမိုတိုးတက်ထွန်းကားလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်ကာ လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိသားစုဝင်ငွေတိုးပွားလာစေရန်တို့အတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းရှင်းလင်း ပြောကြားသည်။
ထို့နောက် ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုးက သင်တန်းကာလအတွင်း သင်ကြားပို့ချပေးမည့် ကုန်ကြမ်းပစ္စည်းများပေးအပ်ရာ သင်တန်းသူတစ်ဦးမှ လက်ခံရယူသည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ ၁၀ ဦးတက်ရောက်ကြမည်ဖြစ်ပြီး ၂၀၂၄ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်မှ ဩဂုတ်လ ၂၃ ရက်အထိ သဘာဝဆိုးဆေး ဓာတုဆိုးဆေးနှင့် လက်ရက်ကန်းဒီဇိုင်း (ပထမအကြိမ်) သင်တန်းနှင့် စက်တင်ဘာလ ၁ ရက်မှ ၁၅ ရက်အထိ ဒီဇိုင်းအထူးပြုဖဲနှတ်ကောက် (ဒုတိယအကြိမ်) တို့ဖြင့် စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)