စစ်ကိုင်းမြို့ အ.ထ.က(၂)တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကျင်းပ

စစ်ကိုင်း ဇူလိုင် ၂၅

စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့ ပူးပေါင်း၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်း အနားကို ယနေ့နံနက်ပိုင်းမှစ၍ အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားတွင် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ စာဖတ်ဝိုင်းဆွေးနွေးပွဲ၊ စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ် စာစောင်/ ဓာတ်ပုံပြပွဲများ ဖြင့် ကျင်းပခဲ့ရာ ကျောင်းသား/ ကျောင်းသူလေးများက အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆွေးနွေး ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ဆုချီးမြှင့်ပေးအပ်ပွဲကိုကျင်းပရာ စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က အမှာစကားပြောကြားပြီး စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်နေမျိုးပိုင်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ များက ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများ၊ စကားဝိုင်း ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူအဖြစ် ကျောင်းအုပ်ကြီးနှင့်ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများနှင့် ဆုများအသီးသီး ပေးအပ်ခဲ့ကြရာ ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်