မအူပင် ဇူလိုင်လ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ၊ ဂုဏ်ထူးသင်ဆရာ၊ ဆရာမများ၊ မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံးဆုရရှိသည့် ကျောင်းများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၊ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အ.ထ.က(ခွဲ)၊ အ.လ.က(၁)မှ ကျောင်းသား၊ ကျောင်းသူလေးများက ပညာပန်းခင်းသီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ပြီး မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်မှ အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ (၆)ဘာသာဂုဏ်ထူးရှင်(၂)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၇)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၈)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၄၇)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၆၉)ဦး၊ စုစုပေါင်း(၁၃၉)ဦး၊ ဂုဏ်ထူး ရရှိအောင်သင်ကြားပေးသည့် ဆရာ၊ ဆရာမများနှင့် အောင်ချက်အကောင်းဆုံးရရှိသည့် အခြေခံပညာအထက်တန်းကျောင်း(၅)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၂)ကျောင်းအား တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ၎င်းနောက်ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများကိုယ်စား အ.ထ.က(ခွဲ)အ.လ.က(၁)မှ (၃)ဘာသာဂုဏ်ထူးရှင် မောင်သော်လင်းထက်မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုပါ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီး ရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော်နှင့် အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။ မအူပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ တက္ကသိုလ်ဝင်တန်း Grade-12 သင် ကျောင်း(၃၇)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၂)ကျောင်းမှ တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူအတွင်း ဖြေ(၉၈၁)ဦး၊ အပြင်ဖြေ(၁၉)ဦး၊ စုစုပေါင်း (၁၀၀၀)ဦး ဖြေဆိုခဲ့ရာ (၆၂၅)ဦးအောင်မြင်ခဲ့ပြီး မြို့နယ်အဆင့်အောင်ချက်ရာခိုင်နှုန်း (၆၂.၅)ရာခိုင်နှုန်းအောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)