ကရင်ပြည်နယ်၏ သဘာဝကိုအခြေခံသည့်ခရီးသွားလုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်း

ဘားအံ ဇူလိုင် ၂၅

ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၅/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်သည် မိုးရာသီတွင် သဘာဝအလှအပများဖြင့် ပိုမိုစိမ်းလန်းစိုပြေနေပြီး ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု အများဆုံးအချိန်ဖြစ်ကြောင်း၊ သဘာဝကို အခြေခံသည့်ခရီးသွားလုပ်ငန်းများ၊ ခရီးစဉ်ဒေသများ ရေရှည်တည်တံ့ခိုင်မြဲရေး ဝိုင်းဝန်းထိန်းသိမ်းရန်လိုပြီး ကမော့ပေါဘေးမဲကာကွယ်တောအား ခရီးစဉ်ဒေသအဖြစ် ဖော်ထုတ်နိုင်ရေး ကြိုးပမ်းကြစေလိုကာ ဒေသတွင်းခရီးသွားလုပ်ငန်း ယခုထက်ပိုမိုတိုးတက်စေရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က ဒေသတွင်းခရီးသွားလုပ်ငန်းနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြပြီး ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးသက်လင်းက ယခင်အပတ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုနှင့် ယခုအစည်းအဝေးတွင် ဆုံးဖြတ်အတည်ပြုရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသော ကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ၊ (ဆဒ္ဒန်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့ကသောင်ဂူ၊ လွန်းညရေပြာအိုင်၊ ဇွဲကပင်တောင်၊ ကျောက်ကလပ်၊ တောင်ဝိုင်း၊ ကျုံထော်ရေတံခွန်) ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့များက သက်ဆိုင်ရာကဏ္ဍများအလိုက် ခရီးသွားလုပ်ငန်းပိုမိုဖွံ့ဖြိုး တိုးတက်စေရေး ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံ၊ အခြေခံပညာနှင့် မြို့နယ်ပေါင်းစုံ အသက်(၂၀)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား ကို ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ပြိုင်ပွဲဝင်အသင်းများ ကွင်းအတွင်းနေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုပြိုင်ပွဲကို ယှဉ်ပြိုင်ကစားကြမည့် အားကစားသမားလူငယ်မောင်မယ်များအနေဖြင့် မိမိတို့ယှဉ်ပြိုင်ရမည့် အားကစားနည်းအလိုက် အကောင်းဆုံးဖြစ်အောင် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ကစားကြရန်နှင့် ယခုပြိုင်ပွဲမှတစ်ဆင့် ပြည်နယ်၏ဂုဏ်ကို ပြေးခုန်ပစ်အား ကစားနည်းဖြင့် မြှင့်တင်ဂုဏ်ဆောင်ပေးနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန် ရွတ်ဆိုကြပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် ပြေးခုန်ပစ်အားကစားအသင်း (၁၅)သင်း၊ အားကစားသမားပေါင်း (၃၂၀)ဦးတို့အား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံနှုတ်ဆက်၍ ပြိုင်ပွဲဝင်အသင်းတစ်သင်းလျှင် ငွေကျပ်(၄)သိန်းစီကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲကို ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး အနိုင်ရရှိသော ထူးချွန်သူများအား ဂုဏ်ပြုဆုများ ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)